မကွေး ဧပြီ ၂၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဧပြီလ ၂၁ ရက် ယနေ့ နံနက်ပိုင်းက အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ရေနံချောင်းမြို့နယ် နဂါးရေလှောင်တမံ အတွင်း ပိုက်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်း(စမ်းသပ်စီမံကိန်း) ဆောင်ရွက်မှု အခြေအနေ အား ကြည့်ရှုစစ်ဆေးသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေနံချောင်းမြို့နယ် နဂါးရေလှောင်တမံသို့ ရောက်ရှိစဉ် ရှင်းလင်းဆောင်၌ မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေပြီး ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေကာ ပုဂ္ဂလိက ငါးမွေးတောင်သူများမှ စီးပွားဖြစ်မွေးမြူထုတ်လုပ်နိုင်စေရေး တို့အတွက် ဆည်တမံများအတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် နဂါးရေလှောင်တမံအတွင်း ငါးမွေးမြူ ရေးလုပ်ငန်း(စမ်းသပ်စီမံကိန်း) ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်း ဒေသကြီးဝန်ကြီးချုပ်က နဂါးရေလှောင်တမံမှာ ရေပေါ်ပိုက်လှောင်အိမ်စနစ်ဖြင့် စမ်းသပ်ငါးမွေးမြူ ရေးလုပ်ငန်း ဆောင်ရွက်မှုဖြင့် ရေအရည်အသွေး၊ မြေပြင်အနေအထား လမ်းပန်းဆက်သွယ်ရေး အခြေအနေများကောင်းမွန်သည့်အတွက် အောင်မြင်နိုင်သည့် စီမံကိန်းတစ်ခု ဖြစ်နိုင်ကြောင်း၊ စီမံကိန်းအား ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် လာမည့်ဘဏ္ဍာနှစ်အတွင်း တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ရေနံချောင်းတက္ကသိုလ် သတ္တဗေဒဌာနနှင့် ပူးပေါင်း၍ ပိုက်လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်းဆိုင်ရာ စာတမ်းတစ်စောင် ရေးသားနိုင်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းမှ ရရှိလာသည့် အတွေ့အကြုံများအား လေလာသုံးသတ်၍ ဒေသခံငါးမွေးတောင်သူများမှ ရေပေါ် လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူလာစေရန် အသိပညာဖြန့်ဝေခြင်း၊ ငါးမျိုးစိုက်ထည့်ပေးခြင်းတို့ကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခြင်း အားဖြင့် တိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေပြီး ငါးရိက္ခာပိုမို ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ နဂါးရေလှောင်တမံ အနီးပတ်ဝန်းကျင် ကျေးရွာများမှ တက်ရောက်လာသည့် ဒေသခံတောင်သူများမှ မိမိကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များတင်ပြခဲ့အပေါ် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နဂါးရေလှောင်တမံအတွင်း ပိုက်လှောင် အိမ်စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်း စမ်းသတ်မွေးမြူ ဆောင်ရွက်ထားမှု အခြေအနေအား ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစီမံကိန်းအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ဒေသတွင်းငါးရိက္ခာဖူလုံ စေရေး၊ လူတစ်ဦးချင်းငါးစားသုံးနိုင်မှုနှုန်း လက်ရှိထက်ပိုမိုလာစေရေး၊ဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာကာလူမှုစီးပွားဘဝပြည်စုံလာစေရေးရည်ရွယ်ကာတိုင်းဒေသကြီး ၌ ဆောင်ရွက်သင့်သည့် အမယ်သစ် ငါးမွေးမြူရေးလုပ်ငန်းကို ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တောင်သူများမှ အတုယူလိုက်နာ ဆောင်ရွက်နိုင်ရေး စမ်းသပ်စီမံကိန်း အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ခြင်းဖြင့် တိုင်းဒေသကြီး၏ (GDP)ကို တိုးတက်စေကာ ပြည်သူများ ငါးရိက္ခာကို ဖူလုံအောင် စားသုံးနိုင်မည်ဖြစ်ကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေပြီး လူမှုစီပွားဘဝဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။