မကွေး ဧပြီ ၂၂
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ်တွင် ကျင်းပပြုလုပ်သော ပညာရေးဘွဲ့စာပေးစားယူ ပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား/ သင်တန်းသူများ ကြိုဆိုပွဲအခမ်းအနားကို ဧပြီလ ၂၂ ရက် ယနေ့နံနက် ၉ နာရီက မကွေးပညာရေး ဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ မကွေးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ သင်တန်းသား/သင်တန်းသူ တက်ရောက်ခဲ့ကြသည်။
ကြိုဆိုပွဲအခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ မကွေးပညာရေးဒီဂရီကောလိပ်တွင် ဖွင့်လှစ်သော ပညာရေးဘွဲ့ စာပေးစာယူ(ပထမနှစ်) သင်တန်း သည် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ပညာရေးဘွဲ့ မရရှိသေးသော မူလတန်းကျောင်းအုပ်များနှင့် အလယ် တန်းပြ/အထက်တန်းပြ ဆရာ/ဆရာမများအတွက် ဖွင့်လှစ်ပေးသော သင်တန်းဖြစ်၍ မိမိတို့ မကွေးတိုင်းဒေသကြီးအတွက် မင်္ဂလာရှိသော အခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် ပြောင်းလဲတိုးတက်နေသော ပညာရေးစနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရန် ဆရာ/ ဆရာမများ၏ အရည်အသွေးစဉ်ဆက်မပြတ် ဖွံ့ဖြိုတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး ဆရာ/ဆရာမများအနေဖြင့်လည်း မိမိကိုယ်ကို ထာဝရကျောင်းသားများအဖြစ် ခံယူ၍ အမြဲမပြတ် လေ့လာဆည်းပူးသင်ယူပြီး မိမိတို့၏ အရည်အသွေးများအား မြှင့်တင်ဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ တိုးတက်ပြောင်းလဲနေသော ခေတ်စနစ်တိုင်းတွင် ဆရာ/ဆရာမများသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပြီး အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံသည့် လူသားအရင်း အမြစ်များ မွေးထုတ်ပေးနိုင်ရန် အရည်အချင်းကောင်းများ ပြည့်ဝနေဖို့ လိုအပ်ကြောင်း၊ သင်တန်းကို တက်ရောက် လာကြသည့် ဆရာ/ ဆရာမများအနေဖြင့် သင်တန်းမှ ရရှိလာသည့် ပညာရေး သင်ပြ နည်းစနစ်များ၊ ပညာရေးသဘောတရားနှင့် ပညာရေးစိတ်ပညာတို့အပြင် သင်ဆိုင်ရာအထူးပြု ဘာသာရပ်များအား မိမိတို့အတွေ့အကြုံနှင့် ပေါင်းစပ်လေ့လာပြီး (၂၁)ရာစု၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် အနာဂတ်နိုင်ငံ့သားကောင်းများကို ပြုစုပျိုးထောင်ပေးကြပါရန် တိုက်တွန်းလို ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်က သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား/သူများအားလုံးကို မိမိတို့ မကွေးပညာရေးဒီဂရီ ကောလိပ်မှလှိုက်လှဲစွာကြိုဆိုပါကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အခြေခံပညာကဏ္ဍ ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး သင်ကြား ရေး စွမ်းရည်မြင့်မားသော အရည်အသွေး ပြည့်ဝသည့် အထက်တန်းပြ ဆရာ/ဆရာမများအား လေ့ကျင့် မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် သင်တန်သား/သူများက “ပန်းတိုင်းပွင့်ရာ တို့ကျောင်းသာ” တေးသီချင်းနှင့် “တို့တာဝန်ပေ” တေးသီချင်းတို့ဖြင့် ကပြဖျော်ဖြေတက်ဆက်ခဲ့ကြောင်းနှင့် အဆိုပါ ပညာရေးဘွဲ့ စာပေးစာယူပထမနှစ်(၁/၂၀၂၂)သင်တန်းကို တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းပြ ဆရာ/ဆရာမ (၆၀)ဦး၊ အလယ်တန်းပြ ဆရာ/ဆရာမ(၅၂၆)ဦး၊ မူလတန်းကျောင်းအုပ် ဆရာ/ ဆရာမ (၃၆)ဦး၊ နည်းပြ/ သရုပ်ပြ(၁၀)ဦးနှင့် အခြားရုံးဝန်ထမ်း(၂၉)ဦး စုစုပေါင်း(၆၆၁)ဦးအား ဧပြီလ(၂၀) ရက်နေ့မှ မေလ(၁၈) ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။