မင်းဘူး ဧပြီ ၂၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထူး၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ဧပြီ ၂၅ ရက်၊ နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားရာ ဒေသတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရေးနှင့် လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုလို လူသုံးကုန်ထုတ်လုပ်မှု အသက်မွေးဝမ်းကျောင်းပညာရပ် သင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ လယ်ယာထွက်ကုန်များနှင့် သဘာဝသံယံဇာတများကိုအခြေခံပြီး အိမ်တွင်းအသေးစားစက်မှု လက်မှုလုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များရရှိအောင် သင်တန်းတက်ရောက်သူများအနေ့ဖြင့် သင်တန်းအပေါ် အာရုံစိုက်ပြီး ဂရုတစိုက် လေ့လာသင်ကြားကြစေလိုကြောင်း၊ သင်တန်းမှရရှိလာမည့် နည်းစနစ်များကိုအခြေခံကာ မိမိတို့နယ်ပယ်တွင် တီးထွင်ဖန်တီးမှုများနှင့်ပေါင်းစပ်၍ တစ်ပိုင်တစ်နိုင် ထုတ်လုပ်မှုမှတစ်ဆင့် စနစ်ကျမှတ်ပုံတင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ မှလည်း ဒေသအတွင်း စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိးတိုးတက်ရေးကို အားပေးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထူးမှ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
မင်းဘူးခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနရုံးက ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို မင်းဘူး(စကု)မြို့နယ်အတွင်းမှ သင်တန်းသူ (၂၀)ဦးဖြင့် ဧပြီ ၂၅ ရက်မှ ၂၉ ရက် နေ့အထိ (၅)ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင် ဆပ်ပြာ၏ အခြေခံသဘောတရားများ၊ ဆပ်ပြာပြုလုပ်ရာတွင် ဓါတုဗေဒကုန်ကြမ်းပစ္စည်းများ၏ အသုံးဝင်ပုံ၊ အဝတ်လျှော်ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာနှင့် ရေချိုးဆပ်ပြာဆီများအား (သဘာဝနည်းနှင့် ဓါတုနည်း) အသုံးပြုပြီး ထုပ်လုပ်ပုံအဆင့်ဆင့်၊ သဘာဝခေါင်းလျှော်ရည်၊ ဆပ်ပြာမှုန့်၊ Scrub အမျိုးမျိုး၊ ဆီအခြေခံဆပ်ပြာခဲ အမျိုးမျိုး ပြုလုပ်နည်း၊ ဆံသားအားဖြည့်ပေါင်းဆီ၊ Hand Wash ၊ Hand Santilizer ၊ Hand Spary ၊ Quality Control and Packaging နှင့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့်ပတ်သက် သည်များအပြင် အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရားများ စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ဖြင့် စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။