မင်းလှ မေ ၃
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် မင်းလှမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးခန်းမသို့ ရောက်ရှိပြီး မင်းလှမြို့နယ် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသုံးပြုနေသော နိုင်-၄ မှတ်တမ်းများအား နည်းပညာ အသုံးပြု၍ အချက်အလက်ရေးသွင်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။
ဆက်လက်ပြီး မင်းလှမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုး ရာသီအတွင်း ဆီထွက်သီးနှံနေကြာများ အောင်မြင်စွာ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စားသုံးဆီ ဖူလုံစေရေး တို့အတွက် မိုးနေကြာမျိုးစေ့အခမဲ့ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ နေကြာ မျိုးစေ့များ ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး၊ မင်းလှမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းညွန့်မောင်က ၂၀၂၂-၂၀၂၃ ခုနှစ် လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် နေကြာသီးနှံစိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား ဆောင်ရွက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်ဝန်ကြီးများက မင်းလှမြို့နယ်တွင် မိုးနေကြာစိုက်ပျိုးနိုင်ရန်အတွက် တောင်သူ များထံ နေကြာမျိုးစေ့များ အခမဲ့ ထောက်ပံ့ပေးခဲ့သည်။
မင်းလှမြို့နယ်၌ ကျေးရွာအုပ်စု ၆၃ အုပ်စုရှိပြီး မိုးနေကြာ ၂၅၁၂ ဧက၊ ဆောင်းနေကြာ ၆၀၀၂ ဧက၊ စုစုပေါင်း ၈၅၁၄ ဧက နေကြာစိုက်ပျိုးရန် လျာထားပြီး မိုးနေကြာစိုက်ပျိုးရန် ၂၅၁၂ ဧကမှ သီးညှပ် ဧက ၁၄၆၇ ဧကအတွက် တစ်ဧကလျှင် နေကြာမျိုး(၁)ပြည်နှုန်း ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။