မကွေး မေ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကိုင်းမကြီးကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စုများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှပံ့ပိုးကူညီထောက်ပံ့သော နေအိမ်၊ သီးနှံမျိုးစေ့၊ အပေါ့စားမီးသတ်စက်နှင့် အရန်မီးသတ်ဝတ်စုံများ လွှဲပြောင်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မေလ ၆ ရက် ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကိုင်းမကြီး ကျေးရွာ၌ မတ်လ ၁၁ ရက်နေ့က ပေါ့ဆမီးကြောင့် မီးကြွင်းမီးကျန် မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ (၇၂)အိမ်၊ လူဦးရေပေါင်း (၂၇၀)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားကာ ဒေသခံတောင်သူများ၏ သီးနှံမျိုးစေ့များ မီးလောင်ဆုံးရှုံးခဲ့ရသည့် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ ဒါကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်စေရန် မီးဘေးသင့် အိမ်ထောင်စုများအတွက် မြေနေရာများ ပြန်လည်သတ်မှတ်ပေးပြီး အဆောက်အဦ၊ ရေ၊ လျှပ်စစ်မီး စသည့် အခြေခံကျသော လုပ်ငန်းကိစ္စရပ်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းပြီး ပံ့ပိုးကူညီဆောင်ရွက်ပေးထားပါကြောင်း၊ မကြာမီ မိုးဦးကာလ ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် မီးဘေးသင့်တောင်သူများ၏ ကိုင်း/ကျွန်း/လယ်ယာမြေများတွင် မိုးသီးနှံများ ပြန်လည်စိုက်ပျိုး နိုင်ရေး သီးနှံမျိုးစေ့များကိုပါ ထောက်ပံ့ပေးရခြင်းဖြစ်ပါကြောင်း၊ ဒါ့အပြင် ကျန်းမာရေးဆေးပေးခန်း နှင့် အုပ်ချုပ်ရေးမှူးရုံးတို့ကိုလည်း စနစ်တကျဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုလိုဖြစ်စဉ် မျိုး နောက်နောင်တွင် မဖြစ်ပွားစေရေး ကျေးရွာနေပြည်သူများအနေဖြင့် အသိသတိ စည်းကမ်းရှိစွာ ဖြင့် စည်းစည်းလုံးလုံး နေထိုင်သွားရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားသည်။
ထိုသို့ထောက်ပံ့ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကိုင်းမကြီးကျေး ရွာမှ မီးဘေးသင့် အိမ်ထောင်စုများအတွက် ယာယီနေအိမ် ၆၇ လုံးနှင့် အိမ်သာ (၆၇)လုံး လွှဲပြောင်း ပေးအပ်လွှာနှင့်အတူ သီးနှံစိုက်တောင်သူများအတွက် မိုးသီးနှံများစိုက်ပျိုးနိုင်ရန် မျိုးသန့် မျိုးစေ့များ အဖြစ် မြေပဲ မျိုးအတောင့် တင်း ၂၀၀၊ မနောသုခ စပါးမျိုးသန့် ၁၀ တင်း၊ စမုံနက် နှမ်းမျိုးသန့် ၁၅ ဒသမ ၆၈ တင်း၊ ပဲတီစိမ်း (ရေဆင်း-၁၄)မျိုးသန့်မျိုးစေ့ ၁၀ ဒသမ ၅၃ တင်း၊ အပေါ့စားမီးသတ် စက်တစ်စုံ၊ အရန်မီးသတ် ဝတ်စုံနှင့် အရိပ်ရပျိုးပင်များကို ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ထောက်ပံ့ပေးအပ်မှုများအပေါ် မီးဘေးသင့်ပြည်များကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကိုင်းမကြီးကျေးရွာအတွက် အရိပ်ရအပင်များကို အမှတ်တရ စိုက်ပျိုးပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မင်းဘူး(စကု)မြို့နယ် ရေပုတ် ကျေးရွာသို့ သွားရောက်၍ မီးဘေးသင့် ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားပြီး မီးဘေးသင့် အိမ်ထောင်စု(၃)စုအတွက် ယာယီနေအိမ်များ ဆောက်လုပ်ပေးနိုင်ရေး မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။