မကွေး မေ ၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကဆုန် လပြည့်နေ့တွင် မကွေးမြို့မြသလွန်ဘုရားရင်ပြင်တော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၉ ရက် ယနေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ဦးစွာ မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီး ကော်မတီနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် တစ်ခုအပါအဝင်ဖြစ်သော ကဆုန်လပြည့်နေ့သည် ဆရာတော်၊ သံဃာတော်များ သီတင်းသုံးရာတွင် ဆွမ်း၊ဘောစဉ်များ အခက်အခဲမဖြစ်စေရေးအတွက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများအား ကျင်းပ လျက် ရှိသည့်နည်းတူ၊ နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် ကဆုန်ညောင်ရေသွန်းပွဲများအား ကျင်းပ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်နှစ်များတွင် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ဆရာတော်၊ သံဃာတော်များ သီတင်းသုံးရာ ဘုန်းတော်ကြီးကျောင်းများအရောက် ဆွမ်းဆန်တော်များ သွားရောက်လှူဒါန်ခဲ့ရပြီး ယခုနှစ်တွင် မကွေးမြသလွန်ဘုရားရင်ပြင်တော်မှာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား ကျင်းပဆောင်ရွက်သွားမည်ဖြစ်သဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခဲ့ပြီး၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူ များမှ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ အသီးသီး ဝိုင်းဝန်း အကြံပြုဆွေးနွေး တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီမှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင် အလှူရှင် များ ပူးပေါင်းကာ မေလ(၁၄)ရက် ကဆုန်လပြည့်နေ့တွင် မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်၌ မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၆) ကျောင်းမှ သံဃာတော်(၁၆၁) ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။