မကွေး မေ ၁၀
၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၅)ခရိုင် အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းနားကို မေလ ၁၀ ရက် ယနေ့ ညနေ ၃ နာရီအချိန်က တိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ဝန်ကြီးချုပ်ဖလား (၅)ခရိုင် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြင့်မားလာပြီး စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများရရှိ လာမည်ဖြစ်သည့်အပြင် ဗလငါးတန် ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ် အားကစားသမားများ ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း ရှိ မျိုးဆက်သစ်လူငယ် ရွက်ပုန်းသီးအားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်ပြီး အားကစား ပြိုင်ပွဲများအား ကျင်းပလျက်ရှိကြောင်း၊ ဘော်လီဘောအားကစားနည်း၏ ဆောင်ပုဒ်ဖြစ်သော “ကျေးရွာ အဆုံး တပြည်လုံး၊ ဆင်းရဲချမ်းသာ ကစားပါ” ဆိုသည့်အတိုင်း နေရာဒေသ၊ လူမျိုးမရွေး စုပေါင်းဖွဲ့စည်း၍ လွယ်ကူစွာကစားနိုင်သည့် အားကစားနည်းတစ်ခုလည်းဖြစ်သည့်အပြင် ညီညာ သော အခင်းအပြင်ပေါ်မှာ ပိုက်ခြားထားပြီး စပေးဘောပေးခြင်း၊ လက်ခံဆယ်မခြင်း၊ ပင့်ထောင်ခြင်း၊ ရိုက်ခုတ်ခြင်း၊ ပိတ်ဆို့ ခြင်း၊ ခုခံဆယ်မခြင်းဟူသည့် အစိတ်အပိုင်း(၆)မျိုးကို အသုံးပြု၍ ကစားရသော ကစားနည်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့်လည်း မိမိတို့၏ ကစားနည်း စွမ်းရည်များ တိုးတက်မြင့်မားလာစေရန် ခေတ်စနစ်နှင့် လျော်ညီသည့် အားကစားနည်းစနစ်များဖြင့် စဉ်ဆက်မပြတ် လေ့လောနေရန် လိုအပ်ကြောင်း၊ ပြိုင်ပွဲကို စိတ်ဝင်တစား အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်လာကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲအားကစားသမားများမှ အားကစားသစ္စာအဓိဌာန်များ ရွတ်ဆိုခဲ့ပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး အမျိုးသားဘော်လီဘောပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် မကွေးခရိုင် အမျိုးသားဘော်လီဘောအသင်းနှင့် ပခုက္ကူခရိုင် အမျိုးသားဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ မကွေးခရိုင်အမျိုးသား ဘော်လီဘောအသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၅)ခရိုင် အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို တိုင်းဒေသကြီးမိုးလုံလေလုံ အားကစားခန်းမ၌ (၁၀.၅.၂၀၂၂) ရက် နေ့မှ (၁၃.၅.၂၀၂၂)ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။