မကွေး မေ ၁၈
၂၀၂၂-၂၀၂၃ခုနှစ် ပညာသင်နှစ် မကွေးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးသီတင်းပတ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ ၁၈ ရက် ယနေ့ ညနေ ၃ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၂-၂၀၂၃ အခြေခံပညာ ကျောင်းဖွင့်ရာသီ၏ ကျောင်းအပ်နှံရေး သီတင်းပတ်အနေ ဖြင့် ၂၆.၅.၂၀၂၂ ရက်နေ့မှ ၁.၆.၂၀၂၂ ရက်နေ့အထိ သတ်မှတ်ထားပြီး ၂.၆.၂၀၂၂ ရက်နေ့မှ စတင်ပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား/သူများ အဆင်ပြေ ချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးအတွက် လိုအပ်ချက်များရှိပါက ဝိုင်းဝန်းကူညီဆောင်ရွက်ရမည် ဖြစ်သည့်အပြင် ကျောင်းများပြန်လည်ဖွင့်လှစ်သည့်အခါ ကျောင်းသင်ခန်းစာများ စတင်သင်ကြားနိုင်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် မိမိတို့ကဏ္ဍအလိုက်ပါဝင်ဆောင်ရွက်ပေးရန် လိုပါကြောင်း၊တစ်ချို့ကလေး များအနေဖြင့် နယ်မြေအခြေအနေအရ မိမိနေထိုင်ရာဒေသမှ ပြောင်းရွှေ့လာကြရပြီး ပညာသင်ကြား ရာတွင် အခက်အခဲမရှိစေရေးအတွက် ပညာရေးဌာန အနေဖြင့် လိုအပ်သလို ကူညီဆောင်ရွက် ပေးစေလိုကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ ပညာရေးမြှင့်တင်မှု အစီအစဉ်အရ ပညာရေးဝန်ကြီးဌာန အနေဖြင့် အခြေခံပညာအား KG+12 အဖြစ် သတ်မှတ်ထားပြီး မူလတန်းအဆင့်အား KG မှ Grade -5 အထိလည်းကောင်း၊ အလယ်တန်း အဆင့်အား Grade-6 မှ Grade-9 အထိလည်းကောင်း၊ အထက်တန်းအဆင့် အနေဖြင့် Grade -10 မှ Grade-12အထိ အသီးသီး သတ်မှတ်ထားသည်ကို ကျောင်းသား / သူမိဘအုပ်ထိန်းသူများ သိရှိနားလည်စေရန်အသိပညာပေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေးရည်မှန်းချက်များအား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကျောင်းအပ်နှံရေး သီတင်း ပတ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ပညာ ရေးမှူး ဦးသက်လေးဦးက တိုင်းဒေသကြီးအတွင်း ကျောင်းအပ်နှံရေး သီးတင်းပတ်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အခြေခံပညာကျောင်းများအား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများက မကွေးတိုင်း ဒေသကြီးအတွင်း ကျောင်းအပ်နှံရေး သီတင်းပတ်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးမှုများ ဆောင်ရွက်ကာ တာဝန်ရှိသူတို့၏ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ကျောင်းအပ်နှံရေး သီတင်းပတ်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။