မကွေး မေ ၁၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မေလ ၁၉ ရက် ယနေ့နံနက် ၉ နာရီအချိန်က မကွေးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်မိတ်ဆက်ပြပွဲ ဖွင့်လှစ် ခြင်းနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးထွန်းခင်နှင့် မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး တို့က မကွေးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်မိတ်ဆက်ပြပွဲ အခမ်းအနားဖွင့်လှစ်ခြင်းနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မောင်မယ် သစ်လွင်ကျောင်းသား/ကျောင်းသူများကို အမှာစကား ပြောကြား ရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ မကွေးတက္ကသိုလ် ပထမနှစ် သင်တန်းအနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ စီးပွားရေးပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ဇီတဓာတုဗေဒ ဘာသာရပ်တွေကို သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါကြောင်း၊ စီးပွားရေးဘာသာရပ်ကတော့ ဒီနှစ်မှ စတင်ဖွင့်လှစ်ပို့ချပြီး ဒေသရဲ့ လိုအပ်ချက်ဖြစ်တဲ့ လူ့စွမ်းအား အရင်းအမြစ်ကို မွေးထုတ်ပေးနိုင်တဲ့ ပညာရပ်ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ နေထိုင်ဖို့ အတွက်လည်း ကျောင်းတွင်းဆောင်တွေ စီစဉ်ဆောင်ရွက် ထားကြောင်း၊ တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ သမာဓိ ဆိုတဲ့အတိုင်း စိတ်ဓာတ် စိတ်ထား ကောင်းမွန်ကြံ့ခိုင်သော၊ စည်းကမ်းလိုက်နာ စောင့်ထိန်းတတ်သော၊ စာပေ ဗဟုသုတ ပညာရည် ထူးချွန်ထက်မြက်သော တည်ကြည်ဖြောင့်မတ် မှန်ကန်သော နိုင်ငံသားကောင်း သမီး မွန်ရတနာများ ပြုစုပျိုးထောင်လေ့ကျင့် သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများကလည်း ကျောင်းခေါ်ချိန်ပြည့်အောင်တက်ရောက်ဖို့ လိုအပ်ကြောင်း၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် တက္ကသိုလ်ရဲ့ တာဝန်ရှိသူများ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ လုံခြုံ စိတ်ချ အေးချမ်းစွာ ပညာသင်ကြားရေးကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားကာ မောင်မယ်သစ်လွင်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ဌာနမှူးများနှင့် ဆရာ/ဆရာမများက ဘာသာရပ်အလိုက် ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။