ဆင်ပေါင်ဝဲ မေ ၂၇
မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ချိန်သည် မကွေးတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင်နှင့်အဖွဲ့ လိုက်ပါလျက် ယနေ့ညနေ ၃ နာရီအချိန်ခန့်က ဆင်ပေါင်ဝဲမြို့နယ်သို့ရောက်ရှိခဲ့ပြီး မြို့အဝင်ထိပ်ရှိ ဂါလံ ၅၀၀၀၀ ဆံ့ ရေစစ်ကန်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် အမှတ်(၃)ရပ်ကွက်ရှိ ရေပေးဝေရေးဆောင်ရွက် သည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသိန်းဇော်ဦးမှ ရေပေးဝေရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြေပုံဖြင့်ရှင်းလင်းပြသခဲ့ရာ မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဆင်ပေါင်ဝဲမြို့၊ မြို့နယ်ခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်မှ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင်မှ ဖြည့်စွက် ဆွေးနွေးခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ချိန်မှ လုပ်ငန်း များဆောင်ရွက်မှုအပေါ် အားနည်းချက်အားသာချက်များအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး လုပ်ငန်း လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။