မကွေး မေ ၂၉
၂၀၂၂-၂၀၂၃ပညာသင်နှစ်မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး ကျောင်းအပ်နှံရေးသီတင်းပတ် အထိမ်းအမှတ် အခမ်းအနားကို မေလ ၂၉ ရက် ယနေ့နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့ မြို့တော် ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား/ကျောင်းသူများက “ကျောင်းသွားကြစို့” တေးသီချင်း ဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ကျောင်း အပ်နှံရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနားကို ပညာရေးမြှင့်တင်မှု အစီအစဉ်အရ နှစ်စဉ် ကျင်းပလျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အား ရည်မှန်းချက် (၃)ရပ်ဖြင့် မေလ(၂၆)ရက်နေ့မှဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အခြေခံပညာကျောင်းများအား ဇွန်လ(၂)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းဖွင့်နေသည့် ကာလအတွင်း၌လည်း ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်နေမည်ဖြစ်ကာ မိဘများအနေဖြင့် မိမိတို့သားသမီးများအား ကျောင်းအပ်နိုင်သည်ကို အသိပေးပြောကြားလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံပညာရေးအတွက် အခမဲ့ပညာရေး စနစ်နှင့် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်မူကို ဖြစ်ထွန်းစေမည့် ပညာရေးစနစ်အသစ်၊ သင်ရိုးညွှန်းတမ်း အသစ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ကျောင်း အဆင့်များကို တိုးမြှင့်ဖွင့်လှစ်ပေးခြင်းနှင့် ကျောင်းအဆောက်အဦအသစ်များ နှစ်စဉ်တိုးချဲ့ ဆောက် လုပ်ပေးခြင်း၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးခြင်းနှင့် ဆရာ/ဆရာမလိုအပ်ချက်များအား ဖြည့်ဆည်း ခန့်ထားပေးခြင်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းရှင်းစွာဖြင့် ပညာ သင်ကြားနိုင်ရေး အတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ အပြည့်အဝ ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ ရာနှုန်းပြည့် တက်ရောက်သင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူများ အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးသက်လေးဦးက တိုင်းဒေသ ကြီးအတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှုအခြေ အနေ၊ ကျောင်းသား/ကျောင်းသူများ ကျောင်းလာရောက်အပ်နှံမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများမှ “ပညာတတ်ဖို့ ကျောင်းတက်စို့” သရုပ်ဖော်တေး သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ တိုင်းဒေသကြီးအတွင်းရှိ ပညာရေးလုပ်ငန်းများအတွက် အလှူငွေကျပ်(၁၀)သိန်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများ အားလည်းကောင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း နှင့် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်တို့က ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သော ကျောင်းသုံး ပြဌာန်းစာအုပ်၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများအား အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ကျောင်းသား/သူများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ရာ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ တေးသီချင်းများဖြင့်ဖျော်ဖြေသီဆိုခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ပညာရေးဆိုင်ရာ အသိ ပညာပေး ဘုတ်များ ခင်းကျင်းပြသဆောင်ရွက်ထားမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။