မကွေး ဇွန် ၂
၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက်(၁၉)နှစ် အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မကွေးခရိုင် အားကစားကွင်း၌ကျင်းပရာ တိုင်းဒေသကြီးအစိုရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင် ဝန်ကြီး များ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက်(၁၉)နှစ် အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ဘောလုံးပွဲပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်း မြင့်မားလာစေရန်၊ အားကစား လှုပ်ရှားမှုများ ပြုလုပ် ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာပြီး တိုင်း ဒေသကြီးလက်ရွေးစင် အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘောလုံး အားကစားသမားကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ဘောလုံး အားကစားနည်းသည် ကမ္ဘာပေါ်တွင် သာမက မြန်မာပြည်တွင်လည်း ကလေး၊ လူကြီးမရွေး အားလုံး ကြိုက်နှစ်သက်သည့် အားကစားနည်း ဖြစ်ပြီး လူမျိုးဘာသာမရွေး လူအများ စုပေါင်းဖွဲ့စည်း၍ လွယ်ကူ ကစားနိုင်သည့်အပြင် အသင်းလိုက် စုစည်းပြီး တစ်ဦးနှင့်တစ်ဦး အချိတ် အဆက်မိမိ ယှဉ်ပြိုင် ကစားရသော အားကစားနည်းဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် မိမိတို့၏ ကစားနည်းစွမ်းရည်များ တိုးတက်မြင့်မားလာစေရေးအတွက် ခေတ်စနစ်များနှင့် လျော်ညီသော အားကစား နည်းစနစ်များဖြင့် လေ့ကျင့်ရန်လိုအပ်သလို အုပ်ချုပ် သူ/နည်းပြများမှ ချမှတ်ထားသော စည်းကမ်း များကိုလည်း လိုက်နာရမည် ဖြစ်ကြောင်း၊ အားကစားဖွံ့ဖြိုးတိုးတက်ခြင်းသည် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်ပြီး လူငယ်များဖွံ့ဖြိုးတိုးတက်ခြင်းသည်လည်း နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက် ခြင်း ဖြစ်တာကြောင့် နိုင်ငံတော်အတွက် အားထားရသည့် အနာဂတ်လူချွန်လူကောင်းများ ဖြစ်သည် အထိ ကြိုးစားကြစေလိုကြောင်းဖြင့် ပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်း အတွင်းမှ ပြန်လည်ထွက်ခွာ၍ ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် အဖွဲ့သည် ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက်(၁၉)နှစ်အောက် ဘောလုံး ပြိုင်ပွဲကို (၁-၆-၂၀၂၂)ရက်နေ့မှ(၁၁-၆-၂၀၂၂) ရက်နေ့ထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အုပ်စု ပထမနေ့ ပွဲစဉ်အဖြစ် မကွေးခရိုင် ဘောလုံးအသင်း နှင့်ဂန့်ဂေါခရိုင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီ ဖြင့်လည်းကောင်း၊ မင်ဘူးခရိုင်ဘောလုံးအသင်းနှင့် သရက်ခရိုင် ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ရာတွင် သရက်ခရိုင် အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။