နတ်မောက် ဇွန် ၁၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးသစ်ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၀ ရက် ယနေ့နံနက် ၉ နာရီက အဆိုပါဈေးအရှေ့ဘက်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ မြို့မစည်ပင်သာယာရေး ဈေးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
ဈေးသစ်ဖွင့်ပွဲ အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က နတ်မောက် မြို့မဈေးကြီးအား ၁၃-၁၁-၂၀၂၁ ရက်နေ့ညပိုင်းမှာ မီးလောင်ကျွမ်းမှုကြောင့် ဈေးရုံပေါင်း (၂၂)ရုံ၊ဈေးဆိုင်ခန်းပေါင်း(၂၄၂)ခန်း ဆုံးရှုံးခဲ့ပြီး ဈေးသူ/ဈေးသားများ၏ ပိုင်ဆိုင်မှုများ မီးဘေးသင့် ခဲ့သဖြင့် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊မြို့မဈေးကြီးသည် မြို့နေလူထု၏ စီးပွားရေးမြှုပ်နှံရာ နေရာလည်းဖြစ်ပြီး၊ မီးလောင်ရခြင်း၏ အဓိက အခြေခံအကြောင်းအရင်းမှာ အရေးပေါ် အခြေအနေ တွင် မီးသတ်ကားများ ဝင်/ထွက်သွားလာနိုင်မှုမရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ဈေးသူ/ဈေးသား ပြည်သူ များရဲ့ ဆုံးရှုံးမှုများကို အမြန်ဆုံးကုစားနိုင်ရန်အတွက် အဆင့်မီဈေးသစ်ကြီး ပြန်လည်တည်ဆောက် နိုင်ရေး နိုင်ငံတော်မှ အကုန်အကျခံပြီး နိုင်ငံတော်ဘတ်ဂျက်ငွေ(၅၅၀)သန်းဖြင့် ဈေးအင်္ဂါရပ်နှင့် ညီညွတ်ပြီး စနစ်ကျတဲ့ ဈေးပန္နက်ပုံစံရေးဆွဲကာ အဆင့်မီဈေးသစ်ကြီးကို တာဝန်ရှိသူများ အဆင့် ဆင့်ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှာ ယနေ့ဆိုရင် လုပ်ငန်းအားလုံး ဆောင် ရွက်ပြီးဖြစ်လို့ ဖွင့်ပွဲအခမ်းအနား ကျင်းပရခြင်းဖြစ်ကြောင်း၊ ဈေးသာယာရေးကော်မတီအဖွဲ့များ၊ ဈေးသူ/ဈေးသားများ အနေဖြင့် မိမိတို့ဈေးကြီး မီးဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဈေးကြီးသန့်ရှင်း သာယာလှပစေရေး လုပ်ငန်းများဆောင်ရွက်ရာမှာလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့နဲ့ အစိုးရ အဖွဲ့ရဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ပြည်သူများကကျရာကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင် ရွက်ပေးကြရန် အလေးအနက် မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးသိန်းဌေးက နတ်မောက်မြို့ မြို့မစည်ပင်သာယာရေး ဈေးအသစ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ဈေးရောင်းချသူများ စနစ်တကျရောင်းချနိုင်ခြင်း ၊ စည်းကမ်းရှိစွာ သွားလာဝယ်ယူနိုင်ရန် ၊ဈေးအတွင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအားရှင်းလင်း ပြောကြားပြီး မြို့မိမြို့ဖ ဦးခင်မောင်ဆန်းက ဈေးသူ/ဈေးသားများ ကိုယ်စား မြို့မစည်ပင်သာယာရေး ဈေးအသစ် ပြန်လည်တည်ဆောက်ပေးမှုအပေါ် ကျေးဇူးတင် စကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာ တရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေ ချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် ပင်မစစ်လက်နက် ပစ္စည်းတပ်(နတ်မောက်)တပ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထူးတို့က မြို့မစည်ပင်သာယာရေးဈေးအသစ် အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မြို့မစည်ပင်သာယာရေး ဈေး ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး၊ မြို့မစည်ပင်သာယာရေး ဈေးဆိုင်းဘုတ်ရှေ့တွင် ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ၊ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုအား လိုက်လံအားပေးကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမသို့ ရောက်ရှိပြီး ခန်းမအတွင်း အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် ကျောင်းသား/ကျောင်းသူများ စာစီစာကုံးဖြေဆိုနေမှုအား ကြည့်ရှုအားပေးကာ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမအတွင်း လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး တာဝန် ရှိ သူများအား လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်မောက်မြို့နယ် နတ်မောက် ရေလှောင်တမံသို့ ရောက်ရှိပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေအား ကြည့်ရှု စစ်ဆေးကာ တမံရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေ သကြီးဦးစီးမှူးနှင့် တာဝန်ရှိသူတို့က နတ်မောက်ရေလှောင်တမံအတွင်း ဆည်ရေဝင်ရောက်မှု၊ သီးနှံစိုက်ပျိုးမှု၊ ဒေသခံ တောင်သူများအား စိုက်ပျိုးရေပေးဝေမှု အခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာတမံကြံ့ခိုင်တောင့်တင်းစေရေး၊ သန့်ရှင်းသပ်ရပ် ကောင်းမွန်စေရေးအတွက် ထိန်းသိမ်းခြင်းလုပ်ငန်းများအား တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက် ရေး၊ ဆည်ရေသောက်ဧရိယာအတွင်း စီစစ်ဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မြောင်းဆုံးမြောင်း ဖျားထိ ရေပေးဝေနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားဆောင်ရွက်ခဲ့ကြောင်းသိရသည်။