မကွေး ဇွန် ၁၃
ပြစ်မှုကျူးလွန်မှုမရှိသော(PDF) သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘ အုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကို ဇွန်လ ၁၃ ရက် ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပဒါန်းတပ်နယ် အမှတ်(၉၀၅)အမြှောက်တပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်၊မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းဝင်းနှင့်တာဝန်ရှိသူများ၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလင်းဝင် ရောက်လာသည့် လူငယ်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဒါန်းတပ်နယ် အမှတ်(၉၀၅) အမြှောက် တပ်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်က ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသည့် လူငယ်များအား ရပ်ရွာတည်ငြိမ်အေး ချမ်းသာယာရေးကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် လွတ်လပ်စွာ နေထိုင်သွားလာလုပ်ကိုင် ဆောင် ရွက်ကြရန်ဆုံးမ ဩဝါဒစကား ပြောကြားပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက အမှားအမှန်ခွဲခြားပြီး အလင်းဝင်ရောက်လာသူ လူငယ်(၉)ဦးအား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မိမိတို့၏အသက် မွေးဝမ်းကြောင်းဆိုင်ရာ ကိစ္စရပ်များကို လေ့လာလိုက်စားကြဖို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လူငယ်များရဲ့ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး အတွက်လည်း ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ငဖဲမြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးစိန်သောင်းက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် လူငယ်များ အနေဖြင့် မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးကြိုး စားဆောင်ရွက်ကြရန် ဆုံးမဩဝါဒ စကားပြောကြားကာ၊ ပြစ်မှုကျူးလွန်မှုမရှိသော(PDF)သင်တန်း ဆင်း အလင်းဝင်ရောက်လာသည့် အမျိုးသား(၉)ဦးတို့အား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ တာဝန်ရှိသူများရှေ့မှောက်တွင် လက်မှတ်ရေးထိုးလွှဲပြောင်း ပေးအပ်ခြင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ PDF သင် တန်းဆင်း အလင်းဝင်ရောက်လာသူ လူငယ်(၉)ဦးအား တစ်ဦးချင်းအတွက်ထောက်ပံ့ငွေကျပ် တစ်သိန်းစီကို တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ်ခဲ့ရာ လူငယ်များက လက်ခံရယူခဲ့ပြီး လူငယ်များ၏ မိဘအုပ်ထိန်းသူများကိုယ်စား ပဒါန်း ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးအော်က ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။