မကွေး ဇွန် ၁၇
မကွေးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အထိမ်းအမှတ် ရသသစ် နံရံကပ်စာလက်ဆောင် ပြိုင်ပွဲဝင်သူများနှင့် ဆုရရှိသူများအား စာပေစွမ်းရည်မြှင့်တင်ရေး ဂုဏ်ပြုပွဲကို ဇွန်လ ၁၇ ရက် ယနေ့ နံနက် ၉ နာရီက မကွေးတက္ကသိုလ်ဘွဲ့နှင်းခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ဂုဏ်ပြုအမှာစကားပြောကြားပြီး စာမူရှင်မောင်မယ်များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုငွေများ ချီးမြင့်ပေးခဲ့သည်။
စာပေစွမ်းရည်မြှင့်တင်ရေး ဂုဏ်ပြုပွဲ အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က #မောင်မယ်သစ်လွင်တွေကို ကြိုဆိုဂုဏ်ပြုဖို့ ရသသစ် နံရံကပ်စာလက်ဆောင်ကို စတင်ခဲ့ကြောင်း၊ သစ်လွင်တောက်ပတဲ့ ရသတွေကို ပေးချင်တဲ့ ဒီစာလက်ဆောင် အစီအစဉ်မှာ ပထမနှစ် မြန်မာစာ ကလေးတွေက စာလက်ဆောင်ရေးပေးခဲ့ပြီး ကြိုဆိုပွဲတက်မည့် ဘာသာရပ် အသီးသီးက မောင်မယ်တွေက စာလက်ဆောင်ကို စိတ်ဝင်တစားဖတ်ပြီး မဲပေးရွေးချယ်ခဲ့ကြရတာဖြစ်ကြောင်း၊ နေရာဒေသများစွာက လာတဲ့သူတွေ အချင်းချင်း ဆုံစည်းခွင့်၊ခံစားမှုတွေကို ဖလှယ်နိုင်ခွင့် ရစေတဲ့ အစီအစဉ်လေးတစ်ခုကို မြင်ရတဲ့အတွက် ဟို ငယ်စဉ် တက္ကသိုလ်ကျောင်းသားဘဝကို ပြန်ပြီးအမှတ်ရ လွမ်းလာ မိစေပါကြောင်း၊ #မောင်မယ်တို့ရဲ့ ကြိုးစားရေးသားထားတာတွေကိုဖတ်ပြီး ချီးမြောက်ပေးချင်စိတ် ဖြစ်ပေါ်လာရတဲ့အတွက် သည်အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်တွေကို ပြုစုပေးနေတဲ့ တက္ကသိုလ်ပညာရပ်ဝန်းဆိုတာ သင်ရိုးညွှန်းတမ်းတွေ၊ သင်ကြားနည်း စနစ်တွေကို ဆန်းစစ်သုံးသပ်ပြီး အရည်အသွေးကို အစဉ်မြှင့်တင်ပေးနေသလို၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာတဲ့ ပညာအခွင့်အလမ်းတွေကို မောင်တို့မယ်တို့အားလုံးက မိမိရရ ရယူနိုင်ဖို့ လိုအပ်ကြောင်း၊လေ့လာသင်ယူရာမှာလည်း ဝိဇ္ဇာဘာသာရပ်ဖြစ်ဖြစ်၊သိပ္ပံဘာသာရပ်ဖြစ်ဖြစ် ဘယ်ဘာ သာရပ်မဆို သူ့နေရာနဲ့ သူတန်ဖိုးရှိကြတာချည်းဖြစ်ပြီး၊ဘာသာရပ်တိုင်း ဟန်ချက်ညီညီ ဖွံ့ဖြိုးတက်မှ သာ နိုင်ငံအတွက် ရုပ်ပိုင်းရောစိတ်ပိုင်းပါ ကြံံ့ခိုင်တဲ့ လူ့အရင်းအမြစ်ကောင်းတွေ ပေါ်ထွန်းလာမှာ ဖြစ်ပါကြောင်း၊ #မြန်မာစာဌာနဆိုတာ မကွေးတက္ကသိုလ်ကြီးကို စတင်တည်ထောင်ခဲ့ချိန်ကစပြီး အခုဆိုလျှင် ရွှေရတုလွန်နှစ်ကာလအထိ အတူရှင်သန် တည်တံ့ခဲ့တဲ့ ဌာနဖြစ်လို့ ဂုဏ်ယူဖွယ်ရာ အမှတ်တရများစွာ ရှိခဲ့တဲ့ဌာနတစ်ခုလည်းဖြစ်ပါကြောင်း၊အခု မောင်တို့မယ်တို့ ပညာသင်ယူမယ့် မြန်မာစာဌာနရဲ့ Vission က မြန်မာစာပေ၊ မြန်မာဘာသာစကား၊ မြန်မာယဉ်ကျေးမှုကို ထိန်းသိမ်း ဖော်ထုတ်ရန် အကျင့်စာရိတ္တကောင်းမွန်ပြီး အရည်အချင်းပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ် မွေးထုတ်ရန်၊မြန်မာစာပေက ပေးသောအသိ အလိမ္မာကို ခေတ်နှင့်အညီ လက်တွေဘဝမှာ အသုံးချနိုင်သူများ ဖြစ်လာစေရန်ဖြစ်ပြီး၊ Mission က အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရန်၊ မြန်မာ စာပေအစဉ်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရန်၊ ထူးချွန်ထက်မြက် သော ပညာရှင်များကို မွေးထုတ်ရန်ဆိုတဲ့ မျော်မှန်းချက်တွေကို မောင်တို့မယ်တိုရဲ့ စွမ်းအားနဲ့သာ အမှန်ပြီးမြောက်စေနိုင်မှာဖြစ်သလို မြန်မာစာ ဌာနဆိုတာ မောင်တို့မယ်တို့ကို အသိအလိမ္မာပေးနေသော ဌာနဖြစ်ပါကြောင်း၊ မကွေး တက္ကသိုလ်မှာ လူငယ်လူရွယ်တွေ ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့ မြန်မာဘာသာစကားစွမ်းရည်ပြိုင်ပွဲ၊ စာပေဂီတ ယဉ်ကျေးမှု အနုပညာပြိုင်ပွဲ၊အားကစားသင်တန်းနဲ့ ပြိုင်ပွဲတွေကို ပါဝင်ကြဖို့လိုကြောင်း၊ အရေး၊ အဖတ်၊ အပြောစတဲ့ ဘာသာစကားစွမ်းရည်တွေကို အခြေခံပြီး လူမှုရေး၊ စီးပွားရေး နယ်ပယ် အသီးသီးမှာ ဆက်သွယ်မှုတွေ လျင်မြန်ချောမွေ့စေဖို့ အချင်းချင်း ရင်းနှီးချစ်ခင်မှုတွေ ပိုမိုခိုင်မာ လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပပေးနေတာဖြစ်ကြောင်း၊ တက္ကသိုလ်ရဲ့ အဓိပ္ပာယ်က တက္က-ကြံဆ တွေးခေါ် မြှော်မြင် ဆင်ခြင်ရသော သေလာ-မြေ၊ နေရာ ကွန်းခိုရာလို့ဆိုပါကြောင်း၊ တက္ကသိုလ်ကျောင်းသား ဆိုတာ သင်ယူလေ့လာဆည်းပူးပြီး ကိုယ်တိုင် ဝေဖန်သုံးသပ် ဆင်ခြင်ရမည့် သူတွေဖြစ်ကြောင်း၊ မြန်မာစာ မျိုးဆက်သစ်တွေ အနေနဲ့ ငြိမ်းချမ်းသာယာသော ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ် နိုင်ငံအတွက် အာမခံချက်ကောင်းတစ်ခုဖြစ်အောင် ရိုးသားကြပါ၊ ကြိုးစားကြပါ၊ တက္ကသိုလ်ရဲ့ LOGO မှာပါတဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ သမာဓိဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မိမိတို့၏ ပညာရေးကို တိုးတက်စေမည့် အတွေးအကြံ၊ အပြောအဆို၊ အပြုအမူတွေကို ဆရာကောင်းတပည့် မိကောင်းဖခင်ပီပီ ကျင့်ကြံနေထိုင်ဖို့ ၊ဖြောင့်မတ်တည်ကြည်ကြဖို့နှင့် ပညာဖြင့် လောက ကောင်းကျိုး ကို ချမ်းသာအောင် ပေးဆောင်နိုင်သူတွေ ဖြစ်ကြပါစေကြောင်းဖြင့် ဂုဏ်ပြုပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ရသသစ် နံရံကပ်စာလက်ဆောင် ပြိုင်ပွဲဝင်သူများနှင့်ဆုရစာမူရှင်မောင်မယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ချီးမြှင့် ပေးအပ်ခဲ့ပြီး၊စာမူရှင်မောင်မယ်များကိုယ်စား ဆုရကျောင်းသူတစ်ဦးက ကျေးဇူတင်ဝမ်းမြောက်စကား ပြောကြားကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆုရ ကျောင်းသူများ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။