မကွေး ဇွန် ၂၀
မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံပိုမိုစိုက်ပျိုးထုတ်လုပ်မှုနှင့် အထွက်နှုန်း တိုးတက် ရေးတို့ကို တာဝန်ရှိသူများ အနေဖြင့် ကြီးကြပ်ဆောင်ရွက်လျက်ရာ ရရှိလာမည့် ဆီထွက်သီးနှံများ အဆင်ပြေစွာ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီးအတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၂၀ ရက် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးသည် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်သော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး လယ်ယာမြေပိုင်ဆိုင်မှုအနေဖြင့် စိုက်ပျိုးနိုင် သော မြေ(၃၀၅၂၁၄၂)ဧကဖြစ်ပြီး၊ လယ်(၆၁၉၇၇၄)ဧက၊ ယာမြေ(၂၂၃၄၉၆၅)ဧက၊ ကိုင်းကျွန်းမြေ (၁၉၀၃၈၉)ဧက၊ ဥယျာဉ်မြေ(၃၂၈၇)ဧကနှင့် တောင်ယာ(၃၇၃၆)ဧကဖြစ်ပြီး သီးနှံအမယ်(၆၁)မျိုး စိုက်ပျိုးလျက်ရှိရာ နှံစားသီးနှံ(၈၅၄၆၀၉)ဧက(၁၇.၉၉%)၊ ဆီထွက်သီးနှံ(၁၉၅၇၇၁၂)ဧက (၄၁.၂၀%) ၊ ပဲမျိုးစုံသီးနှံ (၁၀၉၇၀၇၃)ဧက(၂၃.၀၉%)၊ ဝါသီးနှံ(၁၄၆၇၇၆)ဧက(၃.၀၉%)နှင့် ကျန်အခြားသီးနှံများ (၆၉၄၈၈၆) ဧက(၁၄.၆၃%)ဖြင့် စုစုပေါင်း(၄၇၅၁၀၅၆)ဧကကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅) မြို့နယ်မှာ စိုက်ပျိုးလျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စားသုံးဆီရရှိရေးအတွက် ဘက်ပေါင်းစုံမှ ထုတ်လုပ်ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လက်ရှိ စိုက်ပျိုး ထုတ်လုပ်နေသော ဆီထွက်သီးနှံများမှ နေကြာသီးနှံအား စိုက်ဧရိယာတိုးချဲ့ခြင်း မြေပဲနှင့် နှမ်းသီးနှံများမှ တစ်ဧကအပင်ဦးရေ ပြည့်မီဝင်ဆံ့အောင် စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းတိုးတက် မြင့်မားရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆီထွက် သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာအပြင် စပါးသီးနှံ ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသော ဖွဲနုမှ ဖွဲနုဆီ ထွက်ရှိရေး၊ ဝါသီးနှံမှ ဝါစေ့ဆီရရှိရေး၊ ဆီကြိတ်ရာတွင် စက်များအဆင့်မီရေး၊ ဆီစားသုံးမှု လျော့ချရန် ပညာပေးရေးစသည့် နည်းလမ်းပေါင်းစုံဖြင့် ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင် ရွက်ထားရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်မည့် မြေပဲ နှမ်း သီးနှံတို့အား တစ်ဧက အထွက် နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းအပြင် နေကြာသီးနှံ စိုက်ပျိုးဧရိယာ တိုးချဲ့ ခြင်းနှင့် အထွက်နှုန်း တိုးတက်ရေးတို့ ဆောင်ရွက်ခြင်းအားဖြင့် တိုင်းဒေသကြီး၏ ဆီဖူလုံမှု သည်(၅၁၇%)ထိ ရရှိ လာမည် ဖြစ်ကြောင်း၊ နေကြာသီးနှံ စိုက်ပျိုးဧရိယာ တိုးချဲ့ခြင်းမှ ရရှိလာမည့် ဆီထွက်သီးနှံများအား အဆင် ပြေစွာ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီးအတွင်းရှိ ဆီစက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး လုပ်ငန်းရှင်ကြီးများမှ ဝိုင်းဝန်းကူညီပံ့ပိုး အကြံပြုဆွေးနွေး ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနှင့် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တို့က ဆီထွက်သီးနှံများအား အဆင်ပြေစွာ ကြိတ်ခွဲထုတ်လုပ်နိုင်ရေးဆိုင်ရာများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် စိုက်ပျိုးရေး၊ စက်မှုကြီးကြပ်နှင့် စားသုံးသူရေးရာဦးစီးဌာနများမှ တိုင်းဒေသကြီးဦးစီးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်ပြီး ဆီစက်လုပ်ငန်းရှင်များ၏ ဆီထွက်သီးနှံနေကြာအား အဆင်ပြေစွာ ကြိတ်ခွဲ ထုတ်လုပ်နိုင်ရေး လိုအပ်ချက် အကြံပြုဆွေးနွေး တင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် နေကြာသီးနှံအား အောင်မြင်စွာ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းကာ အဖက်ဖက်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။