ရေနံချောင်း ဇူလိုင် ၁
ရေနံချောင်းတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်အလိုက် ကျောင်းသား၊ ကျောင်းသူများ Fitness Dance ပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁ ရက် ယနေ့နံနက် ၉ နာရီက ရေနံချောင်းတက္ကသိုလ် အားကစားရုံ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက် အမှာစကားပြောကြားသည်။
ရှေးဦးစွာ ဝိဇ္ဇာညွှန့်ပေါင်းအသင်းနှင့် ရူပဗေဒအသင်းတို့ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစား နေမှုအား ဝန်ကြီးချုပ်နှင့် တက်ရောက်လာသည့် ဧည့်သည်တော်များက ကြည့်ရှုအား ပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ရေနံချောင်း တက္ကသိုလ်မှာကျင်းပခဲ့တဲ့ အားကစားပြိုင်ပွဲများမှတစ်ဆင့် တိုင်းဒေသကြီးကိုယ်စားပြု၊ နိုင်ငံကိုယ်စား ပြု အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်အနေနဲ့လည်း တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားတဲ့ လူကောင်းလူတော်တွေဖြစ်လာအောင် အားကစားကဏ္ဍကို အလေးပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွက်ထူးချွန် ထက်မြက်တဲ့ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာရေးကို ရည်ရွယ်ပြီး မောင်တို့မယ်တို့ ကိုလေ့ကျင့် ပျိုးထောင်ပေးနေခြင်းဖြစ်ကြောင်း၊ မောင်တို့မယ်တို့ဟာ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်၊ ရွှင်လန်းတက်ကြွနေတဲ့ စိတ်ဓာတ်နဲ့အတူ အားကစားနည်းအလိုက် သတ်မှတ်ထားတဲ့ စည်းကမ်း ဥပဒေတွေနဲ့အညီ ပါဝင်ယှဉ်ပြိုင်ခြင်း၊ စည်းကမ်းရှိခြင်း၊ တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားခြင်း၊ တစ်ဦးကို တစ်ဦးချစ်ခင်ခြင်း၊ တန်ဖိုးထားခြင်း၊ နားလည်ပေးနိုင်ခြင်း၊ စုပေါင်းလှုပ်ရှားတတ်ခြင်း၊ ရိုင်းပင်းဖေးမကူညီခြင်းစတဲ့ ကောင်းမြတ်တဲ့ရည်ရွယ်ချက်တွေရရှိဖို့ အားကစားပြိုင်ပွဲတွေကို ကျင်းပ ပေးခြင်းဖြစ်ပါကြောင်း၊ နောင်ဆက်လက်ကျင်းပမယ့် ဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ စားပွဲ တင်တင်းနစ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲတွေမှာလည်း တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ ပါဝင်ဆင်နွှဲ သွားကြပါလို့ တိုက်တွန်းလိုကြောင်း စသည်ဖြင့်ပြောကြားသည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိ သည့် ရူပဗေဒအသင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် သင်္ချာအသင်း၊ Fitness Dance ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ဝိဇ္ဇာညွှန့်ပေါင်းအသင်းတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နှင့် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်တို့က ဆုတံဆိပ်နှင့်ဆုဖလားများကိုလည်းကောင်း၊ ဒုတိယဆု ရရှိသည့်အသင်းများအား ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်နှင့် ဒုတိယ ပါမောက္ခချုပ်တို့ကလည်းကောင်း၊ တစ်ဦးချင်းအကောင်းဆုံးဆုများအား ပါမောက္ခ ဌာနမှူးများနှင့် စီမံဌာနမှူးများကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အားကစားသမားအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆုငွေ ၁၀ သိန်းကျပ် နှင့် အားကစားပစ္စည်းများကို မကွေးတိုင်းဝန်ကြီးချုပ်က ရေနံတက္ကသိုလ်ပါမောက္ခချုပ်ထံ ပေးအပ်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့မှ လှူဒါန်းသည့် ဆေးပစ္စည်းခြင်းနှင့် Maskများကို တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ကော်မတီ နာယက ဒေါ်ဝင်းဝင်းမြင့်က ရေနံချောင်းတက္ကသိုလ် အားကစားကော်မတီဗဟိုကော်မတီ ဥက္ကဌ ဒေါက်တာလှတင်ချိုထံ ပေးအပ် ခဲ့ကြောင်း သိရသည်။