မကွေး ဇူလိုင် ၃
၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၃ ရက် ယနေ့မွန်းလွဲ ၂ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက၊ တိုင်းဒေသကြီး အမျိုး သမီးကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ ကျင်းပပြုလုပ်သော အခမ်းအနားသည် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာ အမျိုးသမီးနေ့အခမ်းအနားဖြစ်ပါကြောင်း၊ မြန်မာအမျိုးသမီးများနေ့သည် ၁၉၉၅ခုနှစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော စတုတ္ထအကြိမ်မြောက် ဘေဂျင်းကမ္ဘာ့ အမျိုးသမီး ညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ကြေညာစာတမ်းပါ အချက် များတွင် တစ်ခုအပါအဝင်ဖြစ်သည့် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းယန္တရား တစ်ရပ် ဖော်ဆောင်ရန်နှင့် မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအား ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ဖွဲ့စည်း နိုင်ခဲ့ပြီး မြန်မာအမျိုး သမီးများနေ့အား ၁၉၉၈ ခုနှစ်မှ စတင်၍ နှစ်စဉ်နှစ်တိုင်း တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အောင်မြင်စွာကျင်းပခဲ့ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်အား ကိုယ်စားပြုသည် အမျိုးသမီးများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အင်အားစု တစ်ရပ်အဖြစ် ပါဝင်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီးများရဲ့ အခွင့်အရေးများကို အသိအမှတ်ပြု နားလည် လက်ခံစေနိုင်မည့် လုပ်ငန်းစနစ်များနှင့် ဖွဲ့စည်းပုံများ၊ လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာ စီမံကိန်း(၂၀၁၃-၂၀၂၂)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသ ကြီး အမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်း အနားမှာ တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ နယ်ပယ်အလိုက် ထူးချွန်အမျိုးသမီးများအား ချီးမြှင့် ဂုဏ်ပြုသွားမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အကြား လုပ်ငန်းများ ဟန်ချက်ညီညီ ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် ပိုမိုဆောင်ရွက်ကြစေလို ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင် ဗီဒီယိုကလစ်အား ပြသခဲ့ပြီး မကွေးမြို့ အ.ထ.က(၄)မှ ကျောင်းသူလေးများက အကပဒေသာဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး ၂၀၂၂ခုနှစ်၊ တက္ကသိုလ်စားမေးပွဲတွင် တိုင်းဒေသကြီးအတွင်း သိပ္ပံဘာသာတွဲ ဖြင့် အမှတ်အများဆုံး ရရှိခဲ့သော ကျောင်းသူအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအားလည်းကောင်း၊ ဝိဇ္ဇာဘာသာတွဲတွင် အမှတ်အများဆုံးရရှိခဲ့သော ကျောင်းသူအား တရားသူကြီးချုပ် ဦးစိန်ထွန်း၊ ဝိပ္ပံဘာသာတွဲတွင် အမှတ် အများဆုံးရရှိခဲ့သော ကျောင်းသူအား တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်တို့က ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အလေးမအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ရရှိခဲ့သော အလေးမ အားကစား မယ်များနှင့် တိုင်းဒေသကြီးအတွင်း အကြိမ်အများဆုံး အမျိုးသမီး သွေးလှူရှင်တို့အား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုလက်မှတ်များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ပံ့ပိုးပါဝင်ခဲ့ကြသော အလှူရှင်အသင်းအဖွဲ့များအား တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုး သမီးကော်မတီဝင်များ၊ ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုလက်မှတ် ရရှိသူများနှင့် အတူစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။