မကွေး ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို သာသနာတော်နှစ် ၂၅၅၆၊ ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ဝါဆိုလပြည့်နေ့ ဇူလိုင်လ ၁၂ ရက် ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ မြသလွန်စေတီ ရင်ပြင်တော်ရှိ မဟာဝိဇယ ရံသီတန်ဆောင်းတော်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝထ္ထု ပစ္စည်းနှင့် သင်္ကန်းအစုံ (၄၆၂)စုံအား စုပေါင်းလှူဒါန်းဆက်ကပ်ကာ ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြသည်။
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဦးစွာ ဆရာတော်သံဃာတော်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ် ရွတ် ဆို၍ ဖွင့်လှစ် ခဲ့ပြီး၊ မကွေးမြို့ မဟာဓမ္မိကာရာမတိုက် ပဓာနနာယက ဘဒ္ဒန္တဥတ္တရ (အဂ္ဂမဟာပဏ္ဍိတ) (နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်) ဆရာတော်ကြီးထံ ငါးပါးသီလခံယူ ဆောက်တည်ကာ သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ဆက်လက်၍ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ အမှတ်(၈၈) ခြေမြန် တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာအကြီအကဲများက ဆရာတော်ကြီးနှင့် ဆရာတော်သံဃာတော်အ ရှင်သူမြတ်တို့ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုနောက် လှူဒါန်းမှူအစုစုတို့အား သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် ဖတ်ကြား ကြေညာကာ၊ မကွေးမြို့ မဟာဓမ္မိကာရာမတိုက် ပဓာနနာယက ဘဒ္ဒန္တဥတ္တရ (အဂ္ဂမဟာပဏ္ဍိတ) (နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်)ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်း အနားကို ရုတ်သိမ်းခဲ့ကြောင်းနှင့် ပင့်ဖိတ်သည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။