မကွေးတိုင်းဒေသကြီး၊မကွေးမြို့တွင် ပညာရေးကဏ္ဍတိုးတက်စေရေး၊ ပညာသင်ကြားမှုတိုး တက်စေရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးအဆင့် တက္ကသိုလ်ဝင်တန်း အောင်ချက်အကောင်းဆုံး မြို့နယ်/ ကျောင်း နှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ဇူလိုင်လ ၁၆ ရက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဂုဏ် ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က “နိုင်ငံတစ် နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်ရေးဟာ အဲဒီနိုင်ငံရဲ့ပညာရေးဖွံ့ဖြိုးမှုအပေါ်မှာ များစွာမူတည်နေပါကြောင်း၊ ဒါကြောင့် နိုင်ငံတိုင်းမှာ ပညာရေးကိုရှေ့တန်းတင်ပြီးဆောင်ရွက်နေကြရပါကြောင်း၊ ဒီလိုဆောင်ရွက် ခဲ့လို့အဆိုပါ နိုင်ငံများမှာ အတတ်ပညာရှင်များ များစွာမွေးထုတ်နိုင်ခဲ့ပြီး လူသားထုအတွက် များစွာ အကျိုးဖြစ်ထွန်း စေခဲ့ပါကြောင်း၊ သူတို့ရဲ့ကြိုးပမ်းမှုတွေကြောင့်နည်းပညာသစ်တွေဖွံ့ဖြိုးတိုးတက် ခဲ့ပြီး အကျိုးရလဒ်အဖြစ် နေ့စဉ်လူနေမှုဘဝအတွက် အသုံးဝင်တဲ့ အဆင့်မြင့်တဲ့နည်းပညာပစ္စည်း တွေ ထုတ်လုပ်သုံးစွဲ နိုင်ခဲ့ကြတာကို ယနေ့တက်ရောက်လာသူများအားလုံး သိရှိကြပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှာလည်း စာသင်ကျောင်းတွေကနေ ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် စနစ်သစ်ပညာရေးကို KG+12 စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မကွေးတိုင်းဒေသကြီး အနေနဲ့ ဖြေဆိုသူ(၁၉၃၆၇)ဦး အောင်မြင် သူ(၈၁၄၄)ဦးဖြစ်ပြီး တိုင်းအောင်ချက် (၄၂.၀၃) ရာခိုင်နှုန်းရရှိခဲ့ပြီး ယခင် ၂၀၂၀ ပြည်နှစ်အောင်ချက် (၃၂.၈၂)ရာခိုင်နှုန်းထက် တိုးတက်လာပေမဲ့ ယခုထက်ပိုတဲ့ အောင်မြင်မှုကိုရရှိဖို့ ကျိုးပမ်းကြဖို့ အားလုံး ကိုတိုက်တွန်းပါကြောင်းယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ မှာ(၆)ဘာသာဂုဏ်ထူးရှင်(၁၁)ဦး၊(၅)ဘာသာဂုဏ်ထူးရှင်(၃၅)ဦး၊(၄)ဘာသာဂုဏ်ထူးရှင်(၈၅)ဦး၊ (၃) ဘာသာ ဂုဏ်ထူးရှင်(၃၄၁)ဦး၊ (၂)ဘာသာဂုဏ်ထူး ရှင်(၄၅၀)ဦး၊ (၁) ဘာသာဂုဏ်ထူးရှင်(၂၄၀၅)ဦးတို့ ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့အတွက် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပေးတဲ့ ဆရာ၊ ဆရာမများကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ဒီနှစ်ရခဲ့တဲ့ အောင်ချက်ရာနှုန်းရလဒ်ကို ကျေနပ် နှစ်သိမ့်မနေပဲ နိုင်ငံအဆင့် ဂုဏ်ဆောင်နိုင်တဲ့ အောင်ချက်ရာနှုန်းနဲ့ ထူချွန်သူများ ပေါ်ထွက်လာ အောင်ကြိုးစားကြဖို့ မှာကြားလိုပါကြောင်း၊ လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် အနီးကပ် သင်ကြားပေးတဲ့ ဆရာ၊ဆရာမများ အနေဖြင့် ဆရာ့ကျင့်ဝတ်၊ ဆရာ့သိက္ခာနှင့် အညီ သင်ကြားမှု အရည်အသွေးမြင့်မားသည့် ဆရာများဖြစ်အောင် ကြိုးစားကာ သင်ကြားပေးကြဖို့၊ မိဘများကလည်း မိဘတို့ရဲ့ ဝတ္တရားများ ကျေပွန်စွာဖြင့် ဆရာ၊ဆရာမများနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့၊ ကျောင်းသား ကျောင်းသူများကလည်း ဆရာ၊ဆရာမများ သင်ကြား ပေးတဲ့ ကျောင်းသင်ခန်းစာများကို စိတ်ဝင်တစား နာယူမှတ်သား လေ့လာကျက်မှတ်ကြဖို့နှင့် တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ဒေသလိုက် တာဝန်ရှိသူများ၊စေတနာရှင်၊ အလှူရှင်များ၊ မိဘများ ကလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးသက်လေးဦးက ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပညာသင်ကြားရေးဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက တို့တာဝန်သီချင်း တေးသရုပ်ဖော်နှင့် ကဗျာလွတ်အကတို့ဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြသည်။
ဆက်လက်ပြီး ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုများ ချီးမြှင့်ခြင်း အစီအစဉ် ဆောင်ရွက်ရာ အောင်ချက်အကောင်းဆုံးမြိုနယ်(၃)မြို့နယ်၊ အောင်ချက်အကောင်းဆုံးကျောင်း(၃) ကျောင်း၊ ဘာသာတွဲအလိုက်ဆုရရှိသူများနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူ(၁၃၁)ဦးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်းနှင့် အဖွဲ့ဝင် ဝန်ကြီးများက ဆုများ အသီးသီး ချီးမြင့်ပေးအပ်ခဲ့ကြပြီး၊ ကျောင်းသား၊ကျောင်းသူလေးများက ပြည်မြန်မာသီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ကာ ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။