မကွေး ဇူလိုင် ၂၂
၂၀၂၂ ခုနှစ် ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်းလုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာအရည်အသွေးများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အလုပ်ရုံဆွေးနွေးပွဲကို ထိန်ထိန်သာဟိုတယ်ခန်းမ(၁)၌ ကျင်းပရာ မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မကွေး ဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ ၊ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ကျင်းပ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံတော်၏ခရီးသွားလုပ်ငန်းဆိုင်ရာမူတစ်ခုဖြစ်သည့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်း လုပ်ငန်းကျွမ်းကျင် အရည်အသွေးအတွက် အလုပ်ရုံဆွေးနွေးပွဲ များဖြင့် ဆွေးနွေး ဖလှယ်စေခြင်းဆိုသည့်မူတစ်ခုနဲ့ ဆောင်ရွက်လုပ်ကိုင်နေကြခြင်း ဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုနှင့် သာယာလှပသော ခရီးသွားနေရာဖြစ်ပေါ် စေရေး၊ ခရီးသွားလုပ်ငန်းမှ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်ရရှိစေရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်သော သဘာဝပတ်ဝန်းကျင်အလှအပများ၊ ယဉ်ကျေးမှုပတ်ဝန်းကျင်ကို ခရီးသွားလုပ်ငန်း ဖြင့်မြှင့်တင်စေရန် မျှော်မှန်းထားပါကြောင်း၊ ကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေကို ကျင်းပ ရာမှာလည်း ဝန်ဆောင်မှု ဆိုင်ရာအရည်အသွေး တိုးတက်မှုနယ်ပယ် စီးပွားရေးစီမံခန့်ခွဲမှုနယ်ပယ်နဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းများ နယ်ပယ်ရယ်ဆိုပြီး နယ်ပယ်(၃)ခုကို တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေဖို့ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေသူတွေအတွက် တစ်လမှာ နယ်ပယ်တစ်ခု စီအတွက် အလှည့်ကျကျင်းပဆောင်ရွက်ပေးနေခြင်းလည်း ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ဆောင်ရွက်နေကြသူတွေဟာလည်း နိုင်ငံတော်ကိုအခွန်အခများပေးဆောင်ပြီး ဆောင်ရွက် နေကြရသော စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့အပြင် ခရီးသွားလုပ်ငန်း ကရရှိတဲ့ ဝင်ငွေတွေဟာဆိုရင် "ဆတိုးကိန်း"ရှိသော ဝင်ငွေရှိသည်ဟု သတ်မှတ်ထားကြရတာ ဖြစ်ပါကြောင်း၊ ဒါကြောင့် စီးပွားရေး အလားအလာကောင်းမွန်သော စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသူများသည် ဌာနဆိုင်ရာ အသီးသီး ၏ ဥပဒေလုပ်ထုံးလုပ်နည်းတွေကိုအခုထက်ပိုမို သိရှိနားလည် သဘောပေါက်ကြမည်ဆိုရင် ပြီးပြည့် စုံတဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ပိုမိုခိုင်မာစွာရပ်တည်နိုင်မှာ ဖြစ်သောကြောင့် ဆောင်ရန်ရှောင်ရန် များကိုနားလည်ပြီး နိုင်ငံတော်က ဥပဒေအရပေးအပ်ထားတဲ့ အခွင့်အရေးများကိုလည်း ပိုမို ထိရောက်စွာ အသုံးချနိုင်မှာဖြစ်ပါကြောင်း၊ စီးပွားရေးဆောင်ရွက်နေကြသူများဖြစ်သောကြောင့် မိမိတို့လုပ်ငန်းအတွက် ပိုမိုတိုးစေရေးဆောင်ရွက်ရာမှာလည်း မိမိတို့စီးပွားရေး လုပ်ငန်းအဝန်းအဝိုင်း ရဲ့ အတွင်းပိုင်း(Micro level)နဲ့မိမိတို့ စီးပွားရေး အဝန်းအဝိုင်း ပြင်ပပိုင်း(Macro level)ကို ခွဲခြမ်း စိတ်ဖြာသုံးသပ်ရမှာဖြစ်လို့ ဥပဒေနဲ့လုပ်ထုံးလုပ်နည်းများသည် မရှိမဖြစ်၊ မသိမဖြစ် အရေးပါသည့် အတွက် ယနေ့ကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ ဆွေးနွေးတင်ပြသူများကလည်း ထိရောက်စွာ ကျယ်ကျယ်ပြန့်ပြန့်ပါဝင် ဆွေးနွေးဆောင်ရွက်ပေးကြရန်လိုမှာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေသူများ ကလည်း မိမိတို့သိရှိလိုသော အချက်အလက်များကို ပါဝင်ဆွေးနွေးဆောင်ရွက်ပေးကြရန် တိုက်တွန်း မှာကြားလိုကြောင်း၊ နိုင်ငံတော်မှ ချမှတ်သော မူဝါဒတွေနဲ့ အညီ(PPP)လို့ခေါ်သော အစိုးရ၊ ပုဂ္ဂလိကနဲ့ ပြည်သူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဖော်ထုတ်မြှင့်တင် ဆောင်ရွက်သွားကြခြင်းကြောင့် မကွေးတိုင်းဒေသကြီး၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍသည် ပိုမိုမြိုင်ဆိုင် တိုးတက်ဖြစ်ထွန်းလာပြီး အောင်မြင်သောခရီးစဉ်ဒေသ ကောင်းတစ်ခုဖြစ်ပေါ်လာနိုင် ပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ဆက်လက်၍ Health and Safety Protocol National Level (HSP) နိုင်ငံအဆင့် ကျန်းမာ ရေးနှင့် ဘေးကင်းလုံခြုံရေးအသိအမှတ်ပြုတံဆိပ်ရရှိသော ထိန်ထိန်သာဟိုတယ်(၁)နှင့် မြင့်မိုရ်စံ ဟိုတယ်တို့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အသိအမှတ်ပြု တံဆိပ်ချီးမြှင့်ပေးခဲ့ ပြီး၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်)၊ ဥက္ကဋ္ဌ ဦးစံထွေးမှ ဌာနဆိုင်ရာ ဥပဒေများ ဆွေးနွေးပြောကြားပေးသည့် ဌာနအကြီးအကဲများအား အမှတ်တရလက်ဆောင်ပစ္စည်း များ ပေးအပ်ခဲ့သည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိူးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္မဏီများ ညွှန်ကြားမှုဦးစီးဌာနတို့မှ ဆွေးနွေးပြောကြားကာ၊ တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ်အဖွဲ့များဖွဲ့၍ ဆွေးနွေးချက်ရလဒ်များ ဖော်ထုတ် ခဲ့ကြောင်းနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။