မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးခရိုင်(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးခရိုင်(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့်  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ်

မင်းဘူး     ဇူလိုင်     ၂၃

တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် (၁၉၉၈)ခုနှစ်မှ စ၍ (၂၀၁၆) ခုနှစ် တိုင်အောင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများအား(၂၂) ကြိမ်မြောက်အထိ ကျင်းပပေးခဲ့ပြီးဖြစ်ရာ မင်းဘူးခရိုင်(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့်  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၃ ရက် ယနေ့နံနက် ၈ နာရီအချိန်က မင်းဘူးမြို့ မင်းပူး ဦးသြဘာသခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ အဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပြီး၊ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့်  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဒီကနေ့ဟာ မင်းဘူးခရိုင်၏ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မြို့နယ်(၅)မြို့နယ်မှ ဝါသနာရှင်နှင့် အခြေခံပညာအဆင့်များအား လက်ရွေးစင်ရွေးချယ်၍ ခရိုင်အဆင့်ပြိုင်ပွဲကို တက် ရောက်ပြီး သားတို့သမီးတို့တွေရဲ့ အနုပညာစွမ်းအားတွေကို မိမိတတ်မြောက် ကျွမ်းကျင်သော ပညာဖြင့် ယှဉ်ပြိုင်ကြမည့်နေ့ဖြစ်ပါကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးဆိုတဲ့  အနုပညာဟာ သိမ်မွေ့နက်နဲသော အဓိပ္ပာယ်ဆောင်သလို လူတို့၏စေတနာကို လှုံ့ဆော်နှိုးဆွရာမှာ အစွမ်းထက် လှပါကြောင်း၊ အနုပညာရှင်၏ စေတနာအလျောက် အနုပညာရှင်၏ စိတ်ကူးဉာဏ်စွမ်းဖြင့် ဖန်တီး ရသောပညာဖြစ်လို့ ပညာ၏အစွမ်းကြောင့် ခံစားရသူ၌ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ကရုဏာသက် ခြင်း၊ နှစ်သက်ခြင်း၊ စက်ဆုပ်ခြင်း၊ အားတက်ခြင်း၊ ထိတ်လန့်ခြင်း၊ အံ့သြခြင်း၊ တည်ငြိမ်ခြင်းတည်း ဟူသော အလင်္ကာကျမ်းအလာ စိတ်အရသာ ကိုးပါးအနက် တပါးပါးကို ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ နိုင်ငံတိုင်းမှာ မိမိနိုင်ငံရဲ့ ယဉ်ကျေးမှုစာပေ အနုပညာရပ်များ ရှိနေကြတာဖြစ်တဲ့အတွက် မပျောက် ပျက်စေရေး လက်ဆင့်ကမ်း ထိန်းသိမ်းကြရမှာ လက်ရှိလူငယ်များရဲ့ အဓိကတာဝန်တစ်ရပ်လည်း ဖြစ်ပါကြောင်း၊ ယနေ့ခေတ်(၂၁)ရာစု IT နည်းပညာဖွံ့ဖြိုးလာတဲ့ ခေတ်အရ မြန်မာ့ယဉ်ကျေးမှုများ အား တိုးဝင်ပွတ်တိုက်ကာ ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ်လုနည်းပါး ကြုံတွေ့နေရပြီ ဖြစ်ကြောင်း၊ ဒါကြောင့် တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ယခုပြိုင်ပွဲကို ရည်ရွယ်ချက်(၅)ရပ်နှင့် ကျင်းပဆောင်ရွက် သွားမှာဖြစ်ပါ ကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပခြင်းဖြင့် အမျိုးဘာသာ သာသနာနှင့်မိမိတို့၏ ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများ မပျောက်ပျက်စေရေး ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်းရင်း နှစ်ပေါင်း ထောင်နှင့်ချီ၍ ဖြစ်တည်ခဲ့သော ယဉ်ကျေးမှု များနှင့် မြန်မာဟူသော ဂုဏ်၊ မြန်မာတို့၏ သုခုမ အနုပညာတို့၏ ဂုဏ်၊ မြန်မာတိုင်းရင်းသား တို့၏ ရိုးရာဓလေ့ အနုပညာယဉ်ကျေးမှုဂုဏ်တို့ကို ဖော်ဆောင်ထိန်းသိမ်းနိုင်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်ပြီး ဖျော်ဖြေရေး အစီအစဉ်အဖြစ် မင်းဘူးမြို့နယ် ဝါသနာရှင် ဦးတင်သောင်းက ဇေယတုသီချင်း သီဆိုခြင်း၊ ပွင့်ဖြူမြို့နယ်(၁၅-၂၀)အဆင့်မှ မနှင်းရတီလွင်က မိမော်လွင် သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ မင်းဘူးမြို့နယ် အခြေခံပညာအဆင့်(၅-၁၀)မှ မောင်ဘုန်း လက်ရာက ရုပ်သေး အကအလှဖြင့် ဖျော်ဖြေခြင်း၊မင်းဘူးမြို့နယ် ပညာရေးဌာ မိသားစုမှ ယိမ်းအက အလှဖြင့် ဖျော်ဖြေ ခြင်းနှင့် စေတုတ္တရာမြို့နယ် ဝါသနာရှင် အမျိုးသားဆိုင်းအဖွဲ့မှ တီးခတ်ဖျော်ဖြေခြင်းတို့ဖြင့်  ဧည့်ခံ ဖျော်ဖြေရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေး အပ်ခဲ့ပြီး၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့်  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စတင်ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း