မကွေး ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးသယံဇာတထိန်းသိန်းခြင်းကို စဉ်ဆက် မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီမှုမဖြစ်စေရန်၊ သဘာဝရေပြင်တွင် ငါးမျိုးများ စဉ်ဆက်မပြတ်တည်ရှိစေရန်၊ ငါးထုတ်လုပ်မှုတိုးတက်လာစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများအား တိုင်းဒေသကြီး အတွင်း ခရိုင်၊ မြို့နယ်များရှိ ဧရာဝတီမြစ်၊ ချောင်းနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၇ ရက်နေ့ ယနေနံနက် ၈ နာရီအချိန်က မကွေးမြို့ ကမ်းနားလမ်း နန်းထိုက်သူ ဟိုတယ်အနီး ဧရာဝတီမြစ်ကမ်းစပ်၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ ဧရာဝတီမြစ်အတွင်း ကြီးထွားမှုနှုန်း မြန်ဆန်သည့် ငါးသားပေါက်များဖြစ်သည့် ငါးမြစ်ချင်း အကောင် ရေ တစ်သိန်း၊ ထိုင်းငါးခုံးမ အကောင်ရေ နှစ်သိန်းငါးသောင်း၊ ရွှေဝါငါးကြင်း အကောင်ရေ တစ်သိန်း ငါးသောင်း စုစုပေါင်း ငါးမျိုးစိုက်အကောင်ရေ ငါးသိန်းအား စိုက်ထည့်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးစားသုံးခြင်းမှ ကုန်ဆုံးသွားသော ငါးများအား ပြန်လည် အစားထိုးရန် ရည်ရွယ်၍ စိုက်ထည့်ခြင်းဖြစ်ကြောင်း၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မကွေး၊ ပခုက္ကူ၊ သရက်၊ တောင်တွင်းကြီးမြို့များတွင် စိုက်ထည့်သွားမှာဖြစ်ကြောင်း၊ မြစ်၊ ချောင်း၊ အင်းအိုင်း များစိုက်ထည့်ပြီးပါက ဆည်၊ တမန်များအတွင်းသို့ ငါးမျိုးစိုက်ကောင်ရေ စုစုပေါင်း နှစ်ဆယ့်နှစ်သိန်း စိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန္တာဝင့်ထံမှ သိရသည်။
ငါးမျိုးစိုက်ထည့်ခြင်းကို မကွေးတိုင်းဒေသကြီး ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွတ်ကဲရေး ကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ်စခန်းငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ စုပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ ငါးသားပေါက်များကို ပွင့်ဖြူငါးလုပ်ငန်း စခန်းမှ မျိုးငါး သားပေါက်ကောင်ရေ(၃)သိန်းနှင့် တောင်တွင်းကြီး ငါးလုပ်ငန်းစခန်းမှ မျိုးငါးသားပေါက် ကောင်ရေ (၂)သိန်း သားဖောက် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။