မကွေး ဩဂုတ် ၂
မကွေးပညာရေးဒီဂရီကောလိပ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို ပြိုင်ပွဲနှင့် ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂ ရက်ယနေ့ ညနေ ၄ နာရီအချိန်က မကွေးပညာရေး ဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို “မကွေးတိုင်းခရိုင်အလှများ”တေးသီချင်းဖြင့် မကွေးပညာရေးဒီဂရီ ကောလိပ်ကျောင်းသူများက ကပြဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ရိုးရာယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ (သို့မဟုတ်) လူမျိုး တစ်မျိုး၏ အထွဋ်အမြတ်ထားရာ အမွေအနှစ် ရတနာတစ်ပါးဖြစ်ပြီး မည်မျှပင်ကြွယ်ဝချမ်းသာ ဖွံ့ဖြိုး တိုးတက်နေသောနိုင်ငံဖြစ်ပါစေ ရိုးရာယဉ်ကျေးမှု ခေါင်းပါးဆိတ်သုန်းပါက အချည်အနှီးသာ ဖြစ်ပါ ကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံနေထိုင်ကြသည့် အတွက် တိုင်းရင်းသားလူမျိုး အသီးသီးတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့ထုံးစံများလည်းရှိကြကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လူမှုရေးဦးတည်ချက်တစ်ခုဖြစ်သော “တိုင်းရင်းသားအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက်ရေး”ဟူသော ဦးတည်ချက်အရ မြန်မာ့ရိုးရာဓလေ့ ထုံးတမ်းများအား ထိန်းသိမ်းဖော်ထုတ်သည့်ပွဲအဖြစ် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများအား ပြန်လည်ကျင်းပရ ခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ် များအား တန်ဖိုးထားပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားတိုးတက်အောင်ဆောင်ရွက်ခြင်းအပြင် နိုင်ငံတော်ကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ပါဝင် ကြိုးစား ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများက မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုအဆို ပြိုင်ပွဲအနေဖြင့် အဆင့်မြင့်ပညာအဆင့်(အမျိုးသား/အမျိုးသမီး) ခေတ်ဟောင်း ကာလပေါ်တေးသီးချင်းနှင့် အဆင့်မြင့်ပညာအဆင့်(အမျိုးသား/အမျိုးသမီး) အမျိုးဂုဏ်၊ဇာတိဂုဏ် တေးသီးချင်းများဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်ပြီး မကွေးပညာရေးဒီဂရီကောလိပ်ကျောင်းသူများက “မလေးလတ်ခတ်သံ” တေး သီချင်း၊ ပြိုင်ပွဲဝင် ကျောင်းသား/သူများက “ထာဝရအဓိဌာန်”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ တက်ဆက်ခဲ့ပြီး မကွေးပညာရေးဒီဂရီကောလိပ် တွဲဖက်ပါမောက္ခ ဦမိုးခိုင်စိုး “မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း” တေးသီးချင်းနှင့် ဂီတအနုပညာဌာန ဒေါ်မေစံပယ်ထွန်းတို့က “ဖက်ဖူးဆင်ခင်ခင် ကြိုက်တယ်”တေးသီးချင်းတိုဖြင့် အသီးသီးဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ယင်းနောက် ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုလက်မှတ်များနှင့် ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီး များ၊ မကွေးပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများ၊ ဆုရ ကျောင်းသား/ သူ များက အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ မကွေးပညာရေးဒီဂရီကောလိပ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား/သူများနှင့် တေးသီးချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့သူ များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဆုငွေကျပ်(၁၀)သိန်းကျပ်အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။