မကွေး သြဂုတ် ၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် စီးပွားရေးရာဝန်ကြီး ဦးအောင် ချိန်နှင့် အတူ တာဝန်ရှိသူများလိုက်ပါကာ သြဂုတ်လ ၃ ရက် ယနေ့နံနက်ပိုင်းက မကွေးမြို့ မြို့အဝင် မုခ်ဦးတည်ဆောက်ခြင်းနှင့် မုခ်ဦးတည်ဆောက်သည့်နေရာတွင် ကတ္တရာကွန်ကရိလမ်းနှင့် ရိုးရိုး ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ မုဒ်ဦးတည်ဆောက်ခြင်းလုပ်ငန်းသို့ ရောက်ရှိစဉ် မုခ်ဦး တည်ဆောက်ပြီး ဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများ နှင့် ပတ်သက်၍ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်၊ တာဝန်ခံ အင်ဂျင်နီယာမှူးနှင့် ကုမ္ပဏီတာဝန်ရှိသူတို့က ရှင်းလင်းတင်ပြခဲ့ကြပြီး၊ လုပ်ငန်းများ လုပ်ဆောင်နေမှု နှင့် တင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ် စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးရေးနှင့် အခြားလိုအပ်ချက်များအား မှာကြားဆောင်ရွက်ခဲ့သည်။
အဆိုပါ မကွေးမြို့အဝင် မုခ်ဦးအား တိုင်းဒေသကြီး၏ ထူးခြားသည့် သင်္ကေတ၊ ဝိသေသများ ၊ မြန်မာ့လက်မှုအနုပညာများ ဦးစားပေးကာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်တည်ဆောက်ခဲ့ပြီး မုခ်ဦးအမြင့်(၄၉)ပေ၊ ယာဉ်သွားလမ်းအကျယ်(၄၈)ပေ၊ မုခ်ဦးရင်ပြင်အလျှား(၁၆၅)ပေနှင့် ယာဉ်ဖြတ် သန်းသွားလာကင်းလွှတ်ခွင့် အမြင့်မှာ(၂၈)ပေဖြစ်ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်းပေါင်း (၄၀၀၀)ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိမှာ(၈၀)ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် မုခ်ဦးတည်ဆောက်သည့် နေရာတွင် အကျယ်(၄၈)ပေ၊အရှည်ပေ(၁၀၀၀) ကတ္တရာ ကွန်ကရိ(Asphalt Concrete)လမ်းခင်းခြင်းနှင့် (၄၈)ပေအကျယ်၊ (၁၀၀၀)ပေအရှည် ရိုးရိုးကတ္တရာ (Semi- grout Penetration Macadam)လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိပြီး အဆိုပါ လုပ်ငန်းအားလုံးကို ယခုသြဂုတ်လအတွင်း ပြီးစီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာမှူးထံမှ သိရှိရသည်။