မကွေး သြဂုတ် ၁၄
၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက် (၁၆)နှစ် အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၄ ရက်နေ့ ညနေ(၄)နာရီအချိန်က မကွေး ခရိုင် အားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ အမှာစကား ပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက် (၁၆)နှစ် အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက် (၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ဘောလုံး ပွဲပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်း မြင့်မားလာစေရန်၊ အားကစား လှုပ်ရှားမှု များ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာပြီး တိုင်းဒေသကြီး လက်ရွေးစင် အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘောလုံးအားကစားသမား ကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ဘောလုံးအားကစား နည်းသည် ကမ္ဘာပေါ်တွင် သာမက မြန်မာပြည်တွင်လည်း ကလေး၊ လူကြီးမရွေး အားလုံးကြိုက်နှစ်သက်သည့် အားကစားနည်းဖြစ်ပြီး လူမျိုးဘာသာမရွေး လူအများ စုပေါင်းဖွဲ့စည်း၍ လွယ်ကူကစား နိုင်သည့် အပြင် အသင်းလိုက် စုစည်းပြီး တစ်ဦးနှင့်တစ်ဦး အချိတ်အဆက်မိမိ ယှဉ်ပြိုင် ကစားရသော အားကစားနည်းဖြစ်ကြောင်း၊ အားကစားသမားများ အနေဖြင့် မိမိတို့၏ ကစားနည်း စွမ်းရည်များ တိုးတက်မြင့်မားလာစေရေးအတွက် ခေတ်စနစ်များနှင့် လျော်ညီသော အားကစား နည်းစနစ်များဖြင့် လေ့ကျင့်ရန်လိုအပ်သလို အုပ်ချုပ်သူ/နည်းပြများမှချမှတ်ထားသော စည်းကမ်းများကိုလည်း လိုက်နာ ရမည်ဖြစ်ကြောင်း၊ အားကစားဆိုတာ အခုရေတွင်းတူး အခုရေကြည်သောက်လို့ရတဲ့အရာ မဟုတ်ဘဲ အချိန်၊ ငွေ၊ နည်းစနစ်၊ အထောက်အကူပစ္စည်း၊ လူသားအရင်းအမြစ်၊ စီမံခန့်ခွဲမှုစတာတွေနဲ့ တည်ဆောက်ရယူရတာဖြစ်တဲ့အပြင် အားကစားဖွံ့ဖြိုးတိုးတက်ခြင်းဆိုတာ လူငယ်တွေရဲ့ ဖွံ့ဖြိုးခြင်း ဖြစ်သလို၊ လူငယ်ဖွံ့ဖြိုးမှုဟာလည်း နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်ပြီး တစ်ခုနဲ့တစ်ခု ဆက်စပ် နေတဲ့အတွက် နိုင်ငံတော်ရဲ့ အားထားရသော အနာဂတ် လူချွန်လူကောင်းများဖြစ်အောင် ကြိုးစား ကြဖို့မှာကြားလိုကြောင်းဖြင့် ပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်း အတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးသည်။
အဆိုပါ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲ ကို (၁၄-၈-၂၀၂၂)ရက်နေ့မှ(၂၂-၈-၂၀၂၂)ရက်နေ့ထိ နံနက်ပိုင်းနှင့် ညနေပိုင်းပွဲစဉ်များဖြင့် ကျင်းပ ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ အုပ်စု ပထမနေ့ ပွဲစဉ်အဖြစ် သရက်ခရိုင် ဘောလုံးအသင်းနှင့် မကွေးခရိုင် ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မကွေးခရိုင်အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ မင်းဘူးခရိုင် ဘောလုံးအသင်းနှင့် ဂန့်ဂေါခရိုင်ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ရာတွင် မင်းဘူးခရိုင် အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။