မကွေး ဧပြီ ၁၆
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် မြန်မာရိုးရာ ယာဉ်ကျေး မှု နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ပိတ်သိမ်းပွဲအခမ်းအနားကို ဧပြီလ ၁၆ ရက် ယနေ့နံနက် ၁၁ နာရီက စီမံအုပ်ချုပ်ရေးကောင်စီအိမ်ယာဝန်းတွင် ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်က ၁၃၈၂ ခုနှစ်မှ ၁၃၈၃ ခုနှစ်သို့ ကူးပြောင်းတဲ့ အတာသင်္ကြန်ပွဲတော်ဟာ မြန်မာတိုင်းရင်းသားများရဲ့ နှစ်သစ်ကူး ပြောင်းခြင်းအထိမ်းအမှတ် အနေနဲ့ နှစ်ဟောင်းကကြုံတွေ့ခဲ့ရတဲ့ အခက်အခဲအတားအဆီးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ မိမိတို့ဆောင်ရွက်နေကြတဲ့ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ လိုရာပန်းတိုင်ကို ရောက်ရှိကြဘို့ ရည်ရွယ်ပြုလုပ်တဲ့ ရိုးရာပွဲတော်တစ်ခု ဖြစ်ပြီး၊ ကျွန်တော်တို့အနေနဲ့ ရှေးယခင်နှစ်များစွာက ကျင်းပပြုလုပ်ခဲ့တဲ့ နည်းတူ အစဉ်အလာ မပျက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ၁၃၈၂ ခုနှစ်မှ ၁၃၈၃ ခုနှစ်သို့ ကူးပြောင်းတဲ့ အတာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာ ပိတ်သိမ်းပြီဖြစ်ကြောင်း ကြေညာကာ တေးသံရှင် မေယုဆွေက မြနန္ဒာသီချင်း သီဆို၍ သင်္ကြန်ယိမ်းအဖွဲ့များက ကပြသံပြိုင်သီဆိုကာ အတာသင်္ကြန်ပွဲတော်ကို ပိတ်သိမ်းခဲ့သည်။
၁၃၈၂ ခုနှစ်မှ ၁၃၈၃ ခုနှစ်သို့ ကူးပြောင်းတဲ့ အတာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်လေတပ်စခန်းမှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်းနှင့်လေတပ်စခန်းမှ ယိမ်းအကအလှ အဖွဲ့များ၊အမှတ်(၈၈) မကွေးတပ်မ ဌာနချုပ်မှ ဒုတိယ တပ်မမှူး ဗိုလ်မှူးကြီးကျော်စိုးလွင် နှင့်ယိမ်းအကအလှ အဖွဲ့များ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဌာနအသီးသီးမှ ယိမ်းအကအလှ အဖွဲများ စုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။