မကွေး သြဂုတ် ၂၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ သြဂုတ်လ ၂၁ ရက် နံနက်ပိုင်းက ရေနံချောင်းမြို့နယ် ရုံးကုန်းကျေးရွာ ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စံပြကွက်(၂)ဧကအား ကြည့်ရှု၍ ဒေသခံဝါစိုက်တောင်သူများနှင့်တွေ့ဆုံကာ ပဆင်-ဝဂ္ဂေါင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု အား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးကုန်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၂၇)တွင် စိုက်ပျိုးထားသည့် တောင်သူ ဦးဇော်ဝ၏ ငွေချည်(၁၁) ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စံပြကွက်(၂)ဧက အား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ရေနံချောင်းမြို့နယ်၏ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များနှင့် ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဉာဏ်ကျော် က ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ဒေသခံ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကိုအခြေခံ၍ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံလူဦးရေ၏(၇၀)ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ဆောင်ရွက်ကြကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သလို ကျေးလက်နေပြည်သူများ၏ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးမှာ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ အောင်မြင်ဖြစ်ထွန်းရန် အဓိက လိုအပ်ပါကြောင်း၊ မိုးရာသီမှာ စပါး၊ မိုးနှမ်းနှင့်ဝါသီးနှံများ၊ ဆောင်းသီးနှံရာသီမှာ ကုလားပဲ၊ မတ်ပဲသီးနှံများနှင့် နွေရာသီ မှာ စပါး၊ ပဲတီစိမ်း နှမ်းတို့ကို(၁)နှစ်လျှင်(၃)သီး စိုက်ပျိုးလာနိုင်အောင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် သီးနှံအထွက်နှုန်းမြင့်မားလာကာ ကုန်ကျစရိတ်နှင့် ဝင်ငွေရရှိမှု နှိုင်းယှဉ်ပါက အကျိုးအမြတ် များပြား မည်ဖြစ်ကြောင် စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများမှ မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် က ဆက်စပ်ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ၊ ချည်မျှင်ရှည်ဝါစိုက် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါမျိုးစုံ စုစုပေါင်း(၁၉၄၀၀၀)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ (၂၁-၈-၂-၂၂)ရက်နေ့အထိ ဝါမျိုးစုံစုစုပေါင်း (၅၈၄၂၆) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။