မကွေး သြဂုတ် ၂၀
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်း သန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ ၂၀ ရက် ယနေ့နံနက် ၇ နာရီက မကွေးမြို့ အမှတ်(၄)အခြေခံပညာကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးပြုလုပ် ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
စုပေါင်းသန့်ရှင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေး တပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေ ပြည်သူများ၊ ပရဟိတလူမှု့အဖွဲ့အစည်းများ စုပေါင်း၍ မကွေးမြို့ အမှတ်(၄)အခြေခံပညာကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် မြက်ပင်များ နှင့် ချုံနွယ်များအားခုတ်ထွင် ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းရှိ ပလပ်စတစ်အမှိုက်များ လိုက်လံ ဆယ်ယူကာ ကောက်ယူသိမ်းဆည်းခြင်းနှင့် စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်းမှ ထွက်ရှိသော အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှိုက်သိမ်းယာဉ်များဖြင့် စနစ်တကျ သိမ်းဆည်း စွန့်ပစ်ခြင်း စသည့် စုပေါင်းသန့်ရှင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ် က တိုင်းဒေသကြီးနှင့် မြို့နယ်အသီးသီးမှာ မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ကင်းဝေးစေပြီးစနစ်တကျအမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်း များ ရရှိစေဖို့ ရည်ရွယ်ကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ မကွေးမြို့သည်လည်း တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့် အညီ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာ သန့်ရှင်းသာယာလှပရေးသည် အရေးကြီးကြောင်း၊ မြို့နယ် အသီးသီးမှ ကျောင်းများမှာ ဆရာ/ ဆရာများနှင့် ကျောင်းသား /ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာ သင်ကြားနိုင်ရေးနှင့် ပျော်ရွှင်စွာ ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်ကျင် သန့်ရှင်း သာယာလှပရေး၊ အဆောက်အအုံများ ဥပဓိရုပ် ကောင်းမွန်ရေးသည်လည်း အလွန်အရေးကြီးကြောင်း နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။