မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(၈/၂၀၂၂) အစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(၈/၂၀၂၂) အစည်းအဝေးသို့ တက်ရောက်

မကွေး     သြဂုတ်     ၂၇

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ဩဂုတ်လ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဦးစွာ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ကဏ္ဍ စုံတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးမှုများရရှိနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍတိုးတက်လာဖို့ နိုင်ငံအတွင်း ပြည်တွင်း-ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ တိုးပွားများပြားလာရေး၊ နိုင်ငံတကာနှင့်ပတ်ဝန်းကျင်နိုင်ငံများ၏ အခြေအနေများကို လေ့လာသုံးသပ် ကာ ဈေးကွက်နှင့်ကိုက်ညီသည့် သီးနှံများတိုးချဲ့စိုက်ပျိုးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် များထုတ်လုပ် ခြင်း၊  အဆင့်မြင့်နည်းပညာသုံးပစ္စည်းများထုတ်လုပ်နိုင်ရေး ဆောင်ရွက်ခြင်း၊ ရှိရင်းစွဲ စက်ရုံအလုပ်ရုံ များ စနစ်တကျနှင့် စွမ်းအားပြည့်လည်ပတ်စေခြင်းနှင့်အတူ အဆင့်မြှင့်တင်ခြင်း၊ မိမိထုတ်ကုန်များ ကို နိုင်ငံတကာဈေးကွက်သစ် ရရှိလာစေရေးတို့ကို ဆောင်ရွက်နိုင်ကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော် ကလည်း ထိုက်သင့်သည့် ပံ့ပိုးမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် အနေဖြင့် နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေတစ်ရပ် တည်ထောင်ပြီး ကိုဗစ်အလွန် နိုင်ငံ့စီးပွား ပြန်လည်နိုးထလာဖို့ အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် Quick Win ဖြစ်စေမည့်  လုပ်ငန်းများကို လိုအပ်သည့် အရင်း အမြစ်ထောက်ပံ့ခြင်းနှင့် လုပ်ငန်းအတွက် အထောက်အပံ့များဖြစ်စေမည့် အစီအစဉ်များကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်ကဦးစားပေးဆောင်ရွက်လိုသည့် လုပ်ငန်းနယ်ပယ်များ ဖွံ့ဖြိုးလာစေဖို့ အတွက် MIC အနေဖြင့် ဦးစားပေးကဏ္ဍများ သတ်မှတ်ထားပြီး  ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်၊ အတည်ပြု မိန့်များ ဦးစားပေးခွင့်ပြုပေးရန် ထုတ်ပြန်ထားသည့် လုပ်ငန်းများ ရှိပါကြောင်း၊ ထိုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသူများအား  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ တင်ပြဆောင်ရွက်နိုင်ရန် ဌာနနှင့်သက်ဆိုင်သည့်ကူညီမှုများကို ကော်မတီက ဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း၊  ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်က သတ်မှတ်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက် ရမည်ဖြစ်ပါကြောင်းနှင့် မကွေးတိုင်း ဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ အတွက် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖြစ်လာစေရေးကို အားလုံးတက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု၏ ထုတ်ကုန် တိုးမြှင့် ခြင်းနှင့် လုပ်ငန်းအမျိုးအစား ပြင်ဆင်ခွင့်ပြုပါရန်  တင်ပြလာခြင်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခဲ့ပြီး မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းအပေါ် ကော်မတီ အဖွဲ့ဝင်များက ဆွေးနွေး အတည်ပြုခြင်းကို ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး(ဒုတိယထပ်)၊ ပြည်တော် သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ် ဆောင်ရွက် နိုင်ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း