မကွေး ဩဂုတ် ၂၆
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ ဩဂုတ်လ ၂၆ ရက် ညနေပိုင်းက မကွေးမြို့အဝင် မိုင်တိုင် (၃၃၂/၀ နှင့်၃၃၂/၁)အတွင်း မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ မကွေးမြို့ဝင်မုခ်ဦး တည်ဆောက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး၊ ယခုမြို့ဝင်မုခ်ဦးသည် မကွေးမြို့၏ Land Mark ဖြစ်လာမည့်အတွက် လှပ၊ ခန့်ညား၊ သပ်ယပ် ခိုင်ခံ့အောင် တည်ဆောက်ရမည်ဖြစ်သည့်အပြင်၊ မုခ်ဦးနှင့် အတူ ဆက်စပ် လမ်းအပိုင်းကိုလည်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအတွက် အန္တရာယ်ကင်းစွာသွားလာနိုင်အောင် စနစ်တကျဆောင်ရွက်ပေးရန် လိုအပ် ကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့ရှိ ပညာ့ရိပ်သာ အိမ်ရာစီမံကိန်းသို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသက်နိုင်မိုးက စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တည်ဆောက်ရေးလုပ်ငန်းများ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းအချိန်မီပြီးစီးရေး၊ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေး၊ လက်ရာသေသပ် ကောင်းမွန် ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အထူးအလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြား ပြီး စီမံကိန်းအဆောက်အဦများ၊ အခန်းဖွဲ့စည်းပုံနှင့် ဆက်လက်ဆောင်ရွက်နေသည့် အဆောက်အဦ များကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တည်ဆောက်နေသော ပညာ့ရိပ်သာအိမ်ရာ စီမံကိန်း တွင် အိပ်ခန်း(၁)ခန်းပါ အဆောက်အဦ(၁)လုံး၊ အိပ်ခန်း(၂)ခန်းပါ အဆောက်အဦ(၃)လုံး၊ အိပ်ခန်း (၃)ခန်းပါ အဆောက်အဦ(၁)လုံး စုစုပေါင်း အဆောက်အဦ(၅)လုံး၊ Community Center အဆောက်အဦ(၁)လုံးနှင့် GYM အဆောက်အဦ(၁)လုံးပါရှိပြီး တက္ကသိုလ်မှ ဆရာ/ဆရာမနှင့် ဝန်ထမ်း စုစုပေါင်း (၁၆၀) နေထိုင်အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။