မကွေး သြဂုတ် ၂၆
၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် ဘိလိယက်ပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ စနူကာပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၂၆ ရက် နံနက် ၁၀ နာရီက တိုင်း ဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီး များ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖနှင့် လူငယ်မောင်မယ်များ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အားကစား သမားများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုပြိုင်ပွဲကို လူငယ် လူရွယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့် ကစားရာမှ တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာ အားကစားသမားကောင်းများ ပေါ်ထွန်း လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ဘိလိယက်နှင့်စနူကာ အားကစားနည်းဟာ အခြား အားကစားနည်းများလို အရပ်အမောင်းနှင့်ခန္ဓာကိုယ်ဖွဲ့စည်းမှု ကိုယ်ခန္ဓာကြံ့ခိုင်မှုက အဓိက မကျဘဲ မျှော်မှန်းတွက်ဆမှု သဘောတရား၊စိတ်တည်ငြိမ်မှု အလေ့အကျင့်နှင့် ခံနိုင်ရည်ရှိမှု၊ မိမိကိုယ် မိမိ ယုံယုံကြည်ကြည် ဆုံးဖြတ်တတ်မှု၊ကျွမ်းကျင်မှုက ပိုမိုအရေးပါသလို အသက်အရွယ်အားဖြင့် ကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ယှဉ်ပြိုင်နိုင်သည့်အတွက် ပင်ကိုယ်ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်တဲ့ မြန်မာလူမျိုးများနဲ့ အလွန်လိုက်ဖက်ညီတဲ့ အားကစားနည်းလည်းဖြစ်ပါကြောင်း၊ မြန်မာ့ဘိလိယက် လက်စွမ်းထက် တိုးတက်ပြန့်ပွား ဒို့ကြိုးစားဆိုသည့် ဆောင်ပုဒ်အတိုင်း အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် ဘိလိယက်နှင့်စနူကာ အားကစားသမားများသည် ရွှေတံဆိပ်ဆု များ ဆွတ်ခူးရရှိနေတာကိုလည်း တွေ့ရှိရမှာဖြစ်ကြောင်း၊ မြန်မာ့ အားကစားလောက အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ဘက်ပေါင်းစုံက အရှိန်အဟုန်မြှင့် ဆောင်ရွက်တဲ့နေရာမှာ အားကစား သမားများနှင့် နည်းပြများ၏ အခန်းကဏ္ဍဟာ အရေးကြီးသလို တာဝန်ယူ စီမံခန့်ခွဲသူများရဲ့ အပိုင်း ကလည်း အရေးကြီးတဲ့အတွက် ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ပူးပေါင်းပံ့ပိုး ကြိုးစားဆောင်ရွက် သွားကြဖို့နှင့် ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့်လည်း အောင်မြင်မှုရရှိရန်အတွက် တရားသော ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရမယ် ဆိုသည့် အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ၍ ဝန်ကြီးချုပ် ဖလား(၅)ခရိုင် ဘိလိယက်ပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ စနူကာပြိုင်ပွဲ စတင်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ဘိလိယက်ထိုး၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ၊ (၅)ခရိုင်မှ အားကစားသမား များ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။
၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် ဘိလိယက်ပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ စနူကာပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခရိုင်မှ ဘိလိယက်နှင့်စနူကာ ကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါ ပြိုင်ပွဲကို (၂၆-၈-၂၀၂၂) ရက်နေ့မှ (၂၉-၈-၂၀၂၂) ရက်နေ့ထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။