မကွေး ဩဂုတ် ၂၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၁:၀၀ နာရီအချိန်က မကွေး တိုင်းဒေသကြီး၊ မကွေးမြို့၊ အနော်ရထာလမ်း၊ မင်းကံကြီးရပ်ကွက်ရှိ အဆိုပါ အဆောက်အအုံတွင် ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင့်လွင်၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ် ဦးစိန်ထွန်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရုံးအဆောက်အအုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ညွှန်ကြားရေးမှူးရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံသစ်နှင့် ရုံးအဆောက်အအုံမြေညီထပ်တွင် ခင်းကျင်းပြသထား သည့် တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များအား လှည့်လည်ကြည့်ရှုအားပေးသည်။
ဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်က မကွေးတိုင်းဒေသကြီး မကွေးမြို့မှာ ဖွင့်လှစ်သည့် ညွှန်ကြားရေးမှူးရုံး ရုံးအဆောက် အအုံသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၁၃)ရုံးမြောက်ဖြစ်ပါကြောင်း၊ ရုံးအသစ်ကြီး ကို ထည်ဝါစွာတည်ဆောက်နိုင်ရေးအတွက် ရုံးမြေနေရာချပေးခဲ့ခြင်းနှင့် ယခုပွဲအတွက် လိုအပ်သည် များကို ကူညီဆောင်ရွက်ပေးသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့်ဖွံ့ဖြိုးတိုးတက်မှု နည်းပါး သည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့်လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေ ရေးကို ဦးတည်ချက်ထားရှိပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသတွေမှာ နေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင်ပါဝင်သော လူမှုရေးဦးတည်ချက် (၃)ရပ် ထဲမှ “တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာ များကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုသည့် ဦးတည်ချက်အတိုင်း ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယခု ဖွင့်လှစ်လိုက်သည့် ညွှန်ကြားရေးမှူးရုံးသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ အားလုံးနှင့်သက်ဆိုင်သည့်ရုံးဖြစ်သည့်အတွက် ဒို့တာဝန်အရေး(၃)ပါးကို မထိခိုက်စေဘဲ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ နေ့ထူးနေ့မြတ် အခမ်းအနားများ၊ ဆွေးနွေးပွဲ များနှင့်တိုင်းရင်းသားများ၏အရေးကိစ္စများကို ဤရုံး၌ လွတ်လပ်စွာ လာရောက်ကျင်းပ ဆွေးနွေးနိုင် ပါကြောင်း၊ ဒါ့အပြင် ဝန်ကြီးဌာနအသစ်ဖြစ်သည့်အတွက် ဝန်ထမ်းများ၏အခက်အခဲများကိုလည်း မကွေးတိုင်းဒေသကြီးအစိုးရအနေဖြင့် ဆက်လက်ကူညီပံ့ပိုးပေးစေလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က မကွေးတိုင်းဒေသ ကြီးမှာ ချင်းတိုင်းရင်းသားများဖြစ်ကြသည့် အရှို၊ ဥ(ပ်)ပူး၊ ဟားခါး၊ ချိုး၊ ဇိုတုန်နှင့် ဒိုင်ရင်ဒူးချင်းတို့ အများဆုံးနေထိုင်ကြပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ တိုင်းရင်းသားလူမျိုး များ၏ လူမှုဘဝ မြှင့်တင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိရပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ချင်းတိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားများ၊ တိုင်းရင်းသား ဘာသာစာပေသင်ကြားရေးကိစ္စရပ်များ၊ အိမ်ထောင်စု စာရင်းပုံစံနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတွင် တိုင်းရင်းသားရိုးရာအမည်နာမနှင့် လူမျိုးအမည်အမှန် ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေပါ အခွင့်အရေး များ ရရှိအောင် ကူညီဆောင်ရွက်ပေးခြင်း၊တိုင်းရင်းသားလူမျိုးများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး ပေါင်းစုံစုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် အလွန် အရေးကြီးပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးများအနေဖြင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးသို့ အစည်းအဝေးများ ဖြစ်စေ၊ နေ့ထူးနေ့မြတ်အခမ်းအနားများဖြစ်စေ လွတ်လပ်စွာ လာရောက်ကျင်းပနိုင်သလို မိမိတို့၏ တိုင်းရင်းသားအရေးကိစ္စရပ်များ၊ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီးလည်း အချိန်မရွေးလာရောက်ဆွေးနွေးတင်ပြနိုင်ပါကြောင်းနှင့် မကွေးတိုင်းဒေသကြီးတိုင်းရင်း သားရေးရာ ဝန်ကြီး ဦးထွန်းခင်က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ရုံးဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များ ပေးအပ် ကာ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များကို ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကာ တိုင်းရင်းသား ယဉ်ကျေးမှုရိုးရာအဆိုအကများနှင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။