မကွေး စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၃၁ ရက် ယမန်နေ့ မွန်းလွဲ (၁)နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ် စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများနှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား/ ကျောင်းသူများနှင့် ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို “မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း” တေးသီးချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုများရရှိခဲ့သော ပြိုင်ပွဲဝင်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်း ဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ် များအား အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဆံရစ်ဝိုင်း သမီးပျိုလေးများမှ “လှသော အညာမြေ” တေးသီချင်းဖြင့် ကပြ ဖျော်ဖြေ တင်ဆက်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့(၂၃) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပထမဆုရရှိသော ပြိုင်ပွဲဝင်များက ပြန်လည် သီဆိုကပြ ဧည့်ခံ ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တာဝန်ယူဆောင်ရွက်ခဲ့သော ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ ဥက္ကဌ များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး၊ ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကာ၊တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြိုင်ပွဲဝင်များနှင့် စုပေါင်းအမှတ်တရ မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မိမိတို့ ရိုးရာယဉ်ကျေးမှုများအား ဖော်ထုတ်ထိန်းသိမ်းနိုင်ပြီး မျိုးဆက် သစ်လူငယ်များကို လက်ဆင့်ကမ်းနိုင်စေရန်နှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင် နိုင်စေရန် ရည်ရွယ်၍ ဩဂုတ်လ (၂၈)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။