မကွေး စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၀ ရက်နေ့နံနက်ပိုင်းက မကွေးမြို့ တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဌာနဆိုင်ရာများ စုပေါင်း သန့်ရှင်းရေးလုပ်ဆောင်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
ထို့သို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ် မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများ စုပေါင်း၍ မကွေးမြို့ တိုင်းဒေသကြီးပြည်သူ့ ဆေးရုံကြီးဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး မြက်ပင်များနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များအား အမှိုက်ကား များဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းစသည့် သန့်ရှင်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်နေမှုအား တိုင်ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ သွးရောက်၍ မကွေးမြို့ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံ ကြီးဝန်း အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့ မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့် အညီ မြို့အင်္ဂါရပ်နှင့် လျော်ညီစွာ သန့်ရှင်းသာယာလှပရေးသည် အရေးကြီးကြောင်း၊ ကျောင်းများမှာ ဆရာ/ ဆရာများနှင့် ကျောင်းသား/ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အတွက် သာမက ကျောင်းသား/သူများ အားလပ်ချိန်များ၌ အားကစားများ ပြုလုပ်ရာတွင် ပျော်ရွှင်စွာ ကစားနိုင်ရေး အတွက်လည်း အပတ်စဉ် စနေနေ့များမှာ ဆောင်ရွက်ပေးခဲ့ကြောင်း၊ တိုင်းဒေသကြီးပြည်သူ့ ဆေးရုံ ကြီးမှာလည်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး အထူးလိုအပ်သလို အဆောက်အအုံများ ဥပဓိရုပ် ကောင်းမွန် ရေးအတွက်လည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
တိုင်းဒေသကြီးပြည်သူ့ဆေးရုံ၀န်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို စုစုပေါင်း အင်အား (၂၃၀)ခန့်ဖြင့် ဆောင်ရွက်ခဲ့ပြီး သန့်ရှင်ရေးလာရောက်ဆောင်ရွက်သူများအား မြန်မာ့ရိုးရာ မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။