မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် စမ်းမကြီးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် စမ်းမကြီးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း  အခမ်းအနားသို့ တက်ရောက်

မကွေး     စက်တင်ဘာ     ၁၂

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် စမ်းမကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ ၁၁ ရက် နေ့နံနက် ၁၁ နာရီက အဆိုပါကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ အတွင်းရေးမှုး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦးတို့ တက်ရောက်၍ ကျောင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ စမ်းမကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အခမ်းအနားကျင်းပရာ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လူသားစွမ်းရည်အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့သည် ပညာသည်သာအခရာဖြစ်တာမို့ လူတိုင်းအတွက် ပညာရေးသည် အရေးကြီးပါကြောင်း၊ အခြေခံပညာရေးအတွက် မိဘနှင့်ရပ်ရွာလူထုရဲ့ ကုန်ကျ စရိတ်တွေ သက်သာစေဖို့အတွက် နိုင်ငံတော်အစိုးရက အခမဲ့ပုံနှိပ်၊ ဗလာ၊ ခဲတံ၊ ဘောပင်တွေကို ထောက်ပံ့ပေးပြီး အခမဲ့အခြေခံပညာရေးစနစ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ အခမဲ့ပညာသင်ကြားခွင့် ရရှိခြင်းသည် ကလေးများအတွက် ပညာသင်ယူမှုအခွင့်အလမ်း ကျောင်းနေ မြဲရေးနှင့် အခြေခံပညာပြီးမြောက်ရေးတို့အတွက် သိသာစွာတိုးတက်လာစေတဲ့ အချက်တွေဆိုတာ ဂုဏ်ယူစွာ ပြောကြားလိုကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားတဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုတဲ့  ဦးတည်ချက်နဲ့ အညီ မြိုပြနဲ့ကျေးလက် ပညာသင်ယူခွင့် တန်းတူ ညီတူ ဖြစ်ဖို့အတွက် အခြေခံပညာကျောင်းများကို အဆင့်တိုးမြှင့်ပေးခဲ့သလို ကျောင်းတွေကလည်း မိမိတို့ ရရှိလာတဲ့ ကျောင်းအဆင့်နဲ့လျော်ညီမှုရှိအောင် ရပ်ရွာမိဘများနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မိမိတို့ ကျောင်းမှာရှိတဲ့ ကျောင်းသားများ စာသာမကပညာပါ ထိုက်ထိုက်တန်တန် တတ်မြောက်သော လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ဖို့ ဆရာဆရာမများကို မှာကြားလိုသလို ရပ်မိရပ်ဖများ ကလည်း မိမိဒေသရှိ စာသင်ကျောင်းများ အစဉ်တိုးတက်ရှင်သန်ဖွံ့ဖြိုးတိုးတက်နေဖို့ စည်းလုံး ညီညွတ်စွာဖြင့် အမြဲကြိုးစားအားထုတ်ကြဖို့လိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး ရပ်မိရပ်ဖတစ်ဦးက ကျောင်းအဆင့်တိုးရရှိရေး ဆောင်ရွက်ခဲ့မှုများနှင့်  ကျောင်း အုပ်ဆရာမကြီး ဒေါ်အေးသီတာက ကျောင်းသမိုင်း အဆင့်ဆင့်ဖြစ်ပေါ်လာပုံကို အကျဉ်းမျှ ရှင်းလင်း တင်ပြခဲ့ကြပြီး၊ ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အလံများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အကြီးအကဲများအား ဂုဏ်ပြုပေးအပ်ကာ၊ ကျောင်းအကျိုးတော်ဆောင် ဦးမြင့်က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ မေးမြန်းကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး၊ ကျောင်းတွင်အသုံးပြုရန်အတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းနှင့် အဆိုပါ ဖွင့်ပွဲ အခမ်းအနားတွင် ဘင်ခရာတီးဝိုင်းနှင့် ပန်းပွားအကတို့ဖြင့် ဖျော်ဖြေခဲ့ကြ သော ကျောင်းသား၊ ကျောင်းသူလေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း