မကွေး စက်တင်ဘာ ၁၉
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဖွင့်လှစ်သော တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းကို စက်တင်ဘာလ ၁၉ ရက်နေ့မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီး ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့အချိန် ကာလတွင် ရာသီဥတုပြောင်းလဲလာသည်နှင့်အမျှ သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ကမ္ဘာ တစ်ဝန်းလုံးခံစားနေကြရပြီး မိမိနိုင်ငံသည်လည်းအားလုံးနည်းတူ ခံစားနေရပါကြောင်း၊ ကြိုတင် ခန့်မှန်းနိုင်ခြင်းမရှိသည့် သဘာဝဘေးအန္တရာယ်များသည် ကြိုတင်ကာကွယ်ရန် ခက်ခဲသော်လည်း ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများကို လျော့နည်းသက်သာစေရေးအတွက် သဘာဝဘေးစီမံခန့်ခွဲမှုများအား နိုင်ငံတိုင်းဖြေရှင်းဆောင်ရွက်နေရပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ဗဟိုအဆင့်မှစတင်ပြီး တိုင်းဒေသ ကြီး/ ပြည်နယ်၊ ခရိုင် / မြို့နယ်အဆင့်ဆင့်အထိ အဖွဲ့များဖွဲ့စည်းပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများအား ဆောင်ရွက်လျက်ရှိပြီး၊ ထိုသို့လုပ်ဆောင်ရာမှာလည်း တစ်ဌာန၊ တစ်ဖွဲ့တည်းက ဆောင်ရွက်လို့မရဘဲ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ ပြည်သူလူထုများ၏ အသက်၊ အိုးအိမ်စည်းစိမ်များအား ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းကို တိုင်းဒေသ ကြီးအဆင့်ဌာန၊ အဖွဲ့အစည်းများမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်မည်ဟု သိရှိရပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်မှုရှိကာဌာန၏ လုပ်ငန်းများကို ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့်လည်း စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြပြီး မိမိတို့ သိရှိရသည့် အသိပညာဗဟုသုတများကို ပြန်လည်ဖြန့်ဝေ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး သင်တန်းအား စတင်ဖွင့်လှစ်ပိုချခဲ့ကြောင်းနှင့် အဆိုပါ တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုသင်တန်းကို မကွေးတိုင်းဒေသကြီး ဌာနဆိုင်ရာအဖွဲ့အစည်းများမှ သင်တန်းသား/သင်တန်းသူ (၅၀)ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် ဌာနဆိုင်ရာအဖွဲ့အစည်း(၈)ခုမှ ပို့ချသွားမည် ဖြစ်ကာ သင်တန်းကာလမှာ (၁၉.၉.၂၀၂၂)ရက်နေ့မှ(၂၃.၉.၂၀၂၂)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းများ အချိန်နှင့် တစ်ပြေးညီ ထောက်ပံ့နိုင်ရေးအတွက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး ပစ္စည်းသိုလှောင်ရုံအတွင်း ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။