မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

မကွေး       စက်တင်ဘာ      ၁၉

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အိုဇုန်းလွှာ သည် ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၂၀ မှ ၃၀ ကြား တွင် တည်ရှိနေသော စထရက်တိုစပီးယား အလွှာတွင် ရှိနေကာ နေရောင်ခြည်နှင့်အတူ ပါလာသည့် ကြီးမားသောအန္တရာယ်ဖြစ်စေနိုင်သည့် ခရမ်းလွန်ရောင်ခြည်လှိုင်များ ကမ္ဘာမြေပြင်ပေါ်သို့ မကျရောက်နိုင်စေရန် စုပ်ယူပေးသည့်အတွက် သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်သော သဘာဝအကာအရံတစ်ခုဖြစ်ပါကြောင်း၊ ၁၉၇၀ အလွန် ကာလတွင် ကမ္ဘာ့လေထု၏ ဒုတိယအလွှာဖြစ်သည့် စထရက်တိုစဖီးယား အလွှာတွင်ရှိသည့် အိုဇုန်းလွှာ ကြောက်မက်ဖွယ်ရာနှုန်းနှင့် ပါးလွှာပျက်စီးနေသည်ကို လေ့လာတွေ့ရှိရပြီး ၁၉၈၅ ခုနှစ် တွင် အိုဇုန်းလွှာပျက်စီးယိုယွင်းမှုကို ကမ္ဘာ့နိုင်ငံအားလုံး ထိန်းသိမ်းကာကွယ်နိုင်ရန် ဩစတေးလျနိုင်ငံ ဗီယင်နာမြို့တွင် “အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း”ကို ချုပ်ဆိုခဲ့ကြပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံ အနေဖြင့်လည်း အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်နှင့် လန်ဒန်ပြင်ဆင်ချက် စာချုပ်များတွင် ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး အိုဇုန်းလွှာ  ပျက်စီးစေသည့် ဒြပ်ပစ္စည်းများ သုံးစွဲမှုအား ထိန်းချုပ်နိုင်ရန် “အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်းအမိန့်”ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့အိုဇုန်း လွှာ ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်အနေဖြင့် “၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး-သက်ရှိတွေ ကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့”ဖြစ်ပါကြောင်းနှင့်  အနာဂတ်မျိုးဆက်များ၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့လေထုအတွင်း အိုဇုန်းလွှာပျက်စီးစေသည့် ဓာတ်ငွေ့များ ကင်းဝေးစေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှုနှင့် ပတ်ဝန်းကျင်ညစ်ညစ်မှုစသည့် သုံးပွင့်ဆိုင်ပြဿနာများ ဖြေရှင်းရေးလုပ်ငန်းများတွင် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်(UNEP) အမှုဆောင်ညွှန်ကြားရေးမှူးမှ ပေးပို့သည့် သတင်းစကားရုပ်သံနှင့် ၂၀၂၂ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်အား ပြသခဲ့သည်။

ဆက်လက်ပြီး ၂၀၂၂ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ များတွင် ဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများအားအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် တာဝန်ရှိသူများသည် ဆုရရှိသူများနှင့်အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူ များ၏ ဆောင်းပါးနှင့် စာစီစာကုံးများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း