မကွေး စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံထောက်ပံ့ဆောင်ရွက်မှု၊ မကွေးမြို့နယ်မှ စေတနာရှင် အလှူရှင်များ ပူးပေါင်းပါဝင် လှူဒါန်းထောက်ပံ့မှုဖြင့် မကွေးမြို့နယ် နံကပ်ကျွန်းကျေးရွာအုပ်စုရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်း အနားကို စက်တင်ဘာလ ၂၀ ရက်နေ့နံနက် ၈ နာရီအချိန်က မကွေးမြို့ မြသလွန်ဘုရား ပွဲတော်ကွင်း ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရား သူကြီးချုပ် ဦးစိန်ထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးမြို့နယ်မှ စေတနာရှင် အလှူရှင်များ တက်ရောက်၍ ရပ်ကွက်နေပြည်သူများထံ အခြေခံ စားသောက်ကုန်များနှင့် နှာခေါင်းစည်း Mask များ အား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် မကွေးမြို့နယ် နံကပ်ကျွန်းကျေးရွာအုပ်စုရှိ စားသောက်ရေး အခက်အခဲ ဖြစ်ပေါ်နေသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၀၀)တို့အတွက် တစ်အိမ်ထောင် လျှင် ဆန်(၁)ပြည်၊ ကြက်သွန်(၂၅)ကျပ်သား၊ ဆီ(၃၀)ကျပ်သား၊ ကုလားပဲ(၃၀)ကျပ်သား၊ ဆား(၅၀) ကျပ်သားနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းဖြစ်သည့် Mask(၁၀)ခု တို့အား အိမ်ထောင်စု အလိုက်အသီးသီး ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကြီးကြပ်ပံ့ပိုးဆောင်ရွက်မှု၊ ဒေသခံ စေတနာရှင် အလှူရှင်များ၏ ပူးပေါင်းပါဝင်လှူဒါန်းမှုဖြင့် အခြေခံစားသောက်ကုန်များအား ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီသီးတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဉ်ဆောင်ရွက် မှုဖြင့် နယ်မြေခံတပ်နယ် အသီးသီးမှ အခြေခံစားသောက်ကုန်နှင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ ကို ဈေးနှုန်းသက်သာစွာဖြင့် ဒေသခံပြည်သူများအား ရောင်းချဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။