မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီး၊ အောက်ကျောင်းဘုရားကြီးနှင့် မန်းစက်တော်ရာဘုရားတို့ အတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အလှူတော်ငွေလှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီး၊ အောက်ကျောင်းဘုရားကြီးနှင့် မန်းစက်တော်ရာဘုရားတို့ အတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အလှူတော်ငွေလှူဒါန်းပွဲ  အခမ်းအနားသို့ တက်ရောက်

မကွေး     စက်တင်ဘာ     ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဝန်း အတွင်းရှိ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၂၀ ရက်နေ့နံနက် ၉ နာရီ က စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၊ မန်းစက်တော်ရာဘုရားနှင့် အောက်ကျောင်း ဘုရားကြီးတို့အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသော အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ သုမန၊ မကွေးမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိမလ တို့ ကြွရောက်တော်မူကြပြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့် အောင်၊ တိုင်းဒေသကြီးသာသနာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဘုရား(၃)ဆူမှ ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဧည့် ပရိသတ်အပေါင်းတို့က မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုမန အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မှ သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရကိုယ်စား မြန်မာ နိုင်ငံရှိ သမိုင်းဝင် ဘုရား၊ စေတီတော်များကို နှစ်စဉ် အလှူတော်ငွေများ လှူဒါန်းနေမှုများ ရှိသည်ကို သိရှိရသဖြင့် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပါကြောင်း၊ ဘုရား၊ စေတီတော်များကို ရှေးယခင် ဘုရင်မင်း များလက်ထက်မှတိုင် အလှူတော်ငွေများ လှူဒါန်းလာခဲ့ရာ ယခုလို ခေတ်နှင့်အညီ အလှူတော် ငွေများ တိုးမြှင့်လှူဒါန်းလာခြင်းအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အနေဖြင့် လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တစ်ဦး အနေဖြင့်လည်းကောင်း၊ ဒေသခံတစ်ဦးအနေဖြင့်လည်းကောင်း ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်မိပါကြောင်း၊ ဂေါပကအဖွဲ့များအနေဖြင့်လည်း ဘုရားအလှူတော် ငွေများကို အကျိုးရှိစွာ အသုံးပြုကြရန်နှင့် အလေအလွင့်မရှိစေရန် စီမံဆောင်ရွက်ပေးရန် တိုက်တွန်း လိုပါကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း ဘာသာ၊ သာသနာ တိုးတက်စေရေး အတွက် ဆက်လက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လျှောက်ထားသည်။

ဆက်လက်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း က သမိုင်းဝင် ဘုရားစေတီ(၃)ဆူအတွက် အလှူတော်ငွေများ တိုးမြှင့်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်း လင်းလျှောက်ထားရာတွင် သမိုင်းဝင်ဘုရား(၃)ဆူအတွက် အလှူတော်ငွေများကို ရှေးမြန်မာ ဘုရင် များ လက်ထက်မှစ၍ အစဉ်အလာမပျက် လှူဒါန်းမှုများရှိလာခဲ့ရာ ယခုခေတ်ကာလအခြေ အနေအရ ယခင်က လှူဒါန်းခဲ့သောငွေပမာဏမှာ အလွန်နည်းပါးနေခြင်းကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာနအနေဖြင့် တိုးမြှင့်လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ ကျောင်းတော်ရာစေတီတော် မြတ်ကြီးကို မဏိစည်သူမင်း လက်ထက်မှစတင်၍ အလှူတော်ငွေများ လှူဒါန်းခဲ့ပါကြောင်း၊ ခေတ်ကာလအခြေ အနေအရ တိုးမြှင့်လှူဒါန်းလာခဲ့ရာ ယနေ့အချိန်ထိ ကျောင်းတော်ရာစေတီတော်မြတ်ကြီးအတွက် အလှူတော်ငွေသုံးသောင်း၊ မန်းရွှေတော်ဘုရားကြီးအတွက် အလှူတော်ငွေ ကျပ်တစ်သောင်း၊ အောက်ကျောင်းဘုရား ကြီးအတွက် အလှူတော်ငွေ ကျပ် ငါးထောင် တို့ကို နှစ်စဉ် အစဉ်အလာမပျက် လှူဒါန်းနေသည်ကို မှတ်တမ်းများအရ သိရှိရပါကြောင်း၊ ယခုအခါ ဘုရား၊ စေတီတော်များ ဘက်စုံ ပြုပြင်ရာတွင် ထိရောက် မှုရှိစေရန် ရည်မှန်းလျက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကျောင်းတော်ရာစေတီတော်အတွက် ငွေကျပ်(၃၀)သိန်း၊ မန်းရွှေစက်တော် ဘုရားအတွက် ငွေကျပ် (၁၀)သိန်းနှင့် အောက်ကျောင်း ဘုရားကြီးအတွက် ငွေကျပ်(၅)သိန်း နှစ်စဉ် အသီးသီး တိုးမြှင့်လှူဒါန်း သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း လျှောက်ထားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ သုမနနှင့် မကွေးမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိမလ တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်း များ အသီးသီးဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က စန္ဒကူးနံ့သာ ကျောင်း တော်ရာ စေတီတော်မြတ်ကြီးအတွက် အလှူတော်ငွေ(၃၀)သိန်း၊ မန်းစက်တော်ရာ ဘုရားအတွက် (၁၀)သိန်းနှင့် အောက်ကျောင်း ဘုရားကြီးအတွက် (၅)သိန်းတို့အား သက်ဆိုင်ရာ ဂေါပက အဖွဲ့များသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ဂေါပကအဖွဲ့များမှ ဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီး ပြန်လည်ပေးအပ်ခဲ့ သည်။

ယင်းနောက် မကွေးတိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီ တော်မြတ်ကြီး၊ မန်းစက်တော်ရာဘုရားနှင့် အောက်ကျောင်းဘုရားကြီးတို့အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အလှူတော်ငွေများ လာရောက်လှူဒါန်းမှုအပေါ် ဂေါပကအဖွဲ့များ ကိုယ်စား စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပြီး ဧည့်ပရိသတ်အပေါင်းတို့က မကွေးမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိမလ ထံမှ ရေစက်ချအနုမောဒနာတရား နာယူကြကာ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

နောက်ဆုံးရ သတင်း