မကွေး စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာလ ၂၁ ရက် နေ့လယ် ၂ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာရေး အတွက် နိုင်ငံတော်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)နှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးပွား များပြားလာခြင်းသည် အဓိကဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ကမ္ဘာသို့ အခြေခံစားနပ်ရိက္ခာ ထုတ်လုပ်တင်ပို့နေသည့် အစဉ်အလာကောင်းရှိပါကြောင်း၊ အဆိုပါ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းခြင်းနှင့်အတူ အဆင့်မြှင့်ထုတ်ကုန်များနှင့် ထုတ်ကုန် အမယ်သစ်များ တိုးချဲ့ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတကာဈေးကွက်နှင့် ကိုက်ညီသည့် သီးနှံများ တိုးချဲ့ စိုက်ပျိုးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ အဆင့်မြင့် နည်းပညာသုံးပစ္စည်းများ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ခြင်း၊ ရှိရင်းစွဲ စက်ရုံအလုပ်ရုံများ စနစ်တကျနှင့် စွမ်းအားပြည့်လည်ပတ် စေခြင်းနှင့်အတူ အဆင့်မြှင့်တင်ခြင်း၊ မိမိထုတ်ကုန်များကို နိုင်ငံတကာ ဈေးကွက်သစ် ရရှိလာစေရေး တို့ကို ဆောင်ရွက်နိုင်ကြရမည် ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်နှင့် စက်မှုကဏ္ဍများ ဖွံ့ဖြိုးရေးတွင် အလားအလာကောင်းများ ရှိပါကြောင်း၊ နိုင်ငံတကာတွင် နိုင်ငံအတွင်း သို့ နှစ်စဉ် တိုးတက်ဝင်ရောက်သည့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ၇၀% ခန့်မှာ အဆိုပါ နိုင်ငံအတွင်း ရောက်ရှိပြီးသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက ထပ်တိုးရင်းနှီးမြှုပ်နှံမှု ပြုခြင်းများမှဖြစ်သည်ကို လေ့လာသိရှိရသည့်အတွက် မိမိတို့အနေဖြင့် ရှိပြီးရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များအပေါ် Investment Aftercare Services လုပ်ဆောင်ရန်မှာ လွန်စွာအရေးကြီးသည်ကို သဘော ပေါက်နားလည်ကာ အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးသည် တိုင်း ဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင် စေရန်နှင့် ရောက်ရှိပြီးသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် စီးပွားရေးဝန်းကျင်ကောင်း တစ်ခု ဖြစ်စေရန် ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများက အကောင်းဆုံးသော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေ ဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည် တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃- ၂၀၂၈၇၄၈ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။