မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် မင်းလှမြို့ပြည်သူ့‌ဆေးရုံဝန်းအတွင်း ကိုယ်ထူကိုယ်ထ တိုးချဲ့ကုသဆောင် ကုတင်(၂၀) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် မင်းလှမြို့ပြည်သူ့‌ဆေးရုံဝန်းအတွင်း  ကိုယ်ထူကိုယ်ထ တိုးချဲ့ကုသဆောင် ကုတင်(၂၀) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး     စက်တင်ဘာ     ၂၈

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့်အတူ ယမန် နေ့ နံနက် ၁၀ နာရီခွဲက မင်းလှမြို့ ပြည်သူ့‌ဆေးရုံဝန်းအတွင်း၌ တည်ဆောက်ခဲ့သည့် ကိုယ်ထူ ကိုယ်ထတိုးချဲ့ကုသဆောင်(ကုတင်-၂၀)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများက  ကိုယ်ထူကိုယ်ထတိုးချဲ့ကုသဆောင် (ကုတင်-၂၀)အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး တိုးချဲ့ကုသဆောင်အတွင်း လှည့်လည်ကြည့်ရှုကာ၊ တိုးချဲ့ကုသဆောင်ဖွင့်ပွဲတွင် ကပြဖျော်ဖြေပေးခဲ့ သည့် အကအဖွဲ့မျာအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနားကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် က မင်းလှမြို့ ပြည်သူ့‌ဆေးရုံဝန်းအတွင်းမှ (၇၀’×၂၆’×၁၀’)ရှိ ကုတင်(၂၀)ဆံ့  ကိုယ်ထူ ကိုယ်ထတိုးချဲ့ ကုသဆောင်သစ်နှင့်လျှပ်စစ်သွယ်တန်းခြင်း၊ ကုတင်အလုံး(၂၀)၊ လူနာသုံးဘီရို၊ ဆေးပုလင်း ချိတ်တိုင် (Drip Stand) စသည့်မရှိမဖြစ် လိုအပ်သည့် ပစ္စည်းတန်ဖိုးများ အပါအဝင် အရပ်ရပ်ကုကုန်ကျစရိတ် ကျပ်သိန်း(၃၀၀)ခန့်ကို  ဆရာတော်သံဃာတော်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူတို့ရဲ့ ပူးပေါင်းပါဝင် လှူဒါန်းမှုဖြင့် တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်၍ ဂုဏ်ယူဝမ်းမြောက် စကားပြောကြားကာ၊ ကိုယ်ထူ ကိုယ်ထတိုးချဲ့ကုသဆောင်(ကုတင်-၂၀) တည်ဆောက်ရေးကော်မတီဝင် ဦးစန်းအောင်က ကိုယ်ထူ ကိုယ်ထတိုးချဲ့ကုသဆောင်(ကတင်-၂၀) ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့ပြီး၊ ကိုယ်ထူကိုယ်ထတိုးချဲ့ကုသဆောင်(ကုတင်-၂၀)ဆောင်ရွက် ပေးမှုအပေါ် မြို့မိမြို့ဖ ဦးရဲလွင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကိုယ်ထူကိုယ်ထတိုးချဲ့ကုသဆောင် (ကုတင်-၂၀)အား တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင် ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ကိုယ်ထူကိုယ်ထတိုးချဲ့ကုသဆောင်(ကုတင်-၂၀) ဆောက်လုပ်ရန် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မတည်လှူဒါန်းငွေနှင့်စေတနာရှင်အလှူရှင်ပြည်သူများ စုပေါင်း လှူဒါန်းမှုဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးမှာ အလျား ၇၀ ပေ၊ အနံ ၂၆ ပေ၊ အမြင့် ၁၀ ပေ Steel Structure တစ်ထပ်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း