အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ခြင်း နှင့် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်၊ မိုးရာသီမေဂျာပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်း အနားကို ဇူလိုင်လ ၂၉ ရက်နေ့ ညနေပိုင်းက အဆိုပါကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင့်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြား ရာတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)၏ (၂၀၂၂-၂၀၂၃)ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်း သူ စုစုပေါင်း (၆၇၆)ဦး တက်ရောက်ပညာသင်ကြားခဲ့ပြီး အဆိုပါ ကျောင်းသား၊ ကျောင်းသူများထဲမှ ဒုတိယ နှစ်သင်တန်းနှင့် ပထမနှစ်သင်တန်းများတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုများရရှိ ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် မိုးရာသီမေဂျာပေါင်းစုံ အားကစား ပြိုင်ပွဲတွင် ဆုအသီးသီး ရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်ဝမ်းမြောက်ကြသလို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)ကို ၂၀၁၅ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ပုံမှန်(၃)နှစ် သင်တန်းများ ဖြစ်ကြတဲ့ မြို့ပြအင်ဂျင်နီယာသင်တန်း၊ အီလက်ထရောနစ် အင်ဂျင်နီယာ သင်တန်း၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာ သင်တန်းများ ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိသည့်အပြင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် ကာလတိုသက်မွေး ပညာ သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါကြောင်းနှင့် ပုံမှန်သင်တန်းဆင်း(၃၁၁)ဦး ရှိပြီး နည်းပညာတက္ကသိုလ်သို့ ပညာဆက်လက် သင်ကြားခွင့်ရရှိသူ(၄၀)ဦးနှင့် ကာလတို သင်တန်း (၁၄)မျိုး ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းပြီး မြောက်သူ(၄၁၅)ဦးအထိ မွေးထုတ် သင်ကြားပေးနိုင် ခဲ့ပါကြောင်း၊ ယခုလို ကျောင်းတော်မှာ သက်မွေးပညာများ သင်ယူနေချိန်တွင် အားကစားပွဲများ ကျင်းပပေးခြင်းအားဖြင့် ပညာထူးချွန်ပြီး ကျန်းမာကြံ့ခိုင်သော ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ကျင်းပပေးရ ခြင်းဖြစ်ကြောင်းနှင့် အားကစား ပွဲများ ကျင်းပပေးခြင်းအားဖြင့် အားကစားဘက်မှာလည်း ထူးချွန်သော ကျောင်းလက်ရွေးစင် အားကစားသမားများ ဖြစ်ပေါ်လာပြီး ကျောင်းလက်ရွေးစင်မှသည် တိုင်းလက်ရွေးစင်၊ နိုင်ငံ့လက်ရွေး စင်ကျောင်းသားအားကစားသမားများ ပေါ်ထွက်လာနိုင်စေရန် ကြိုးစားကြဖို့ကိုလည်း တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)မှ ကျောင်းအုပ်ကြီး ဒေါ်အေးနွဲ့စံက မိုးရာသီ အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ ပညာရည်ချွန်ဆုများနှင့် မိုးရာသီအားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ဆုရရှိသူများနှင့် အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးကာ၊ အခမ်းအနား တက်ရောက်လာသူများအားညနေစာဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။