မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးသယံဇာတထိန်းသိန်းခြင်းကို စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီမှု မဖြစ်စေရန်၊ သဘာဝရေပြင်တွင် ငါးမျိုးများ စဉ်ဆက်မပြတ် တည်ရှိစေရန်၊ ငါးထုတ်လုပ်မှုတိုးတက်လာစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများအား တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များရှိ ဧရာဝတီမြစ်၊ ချောင်းနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့် ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ ၂၈ ရက် ယနေ့နံနက် ၈ နာရီက မကွေးမြို့ မြင်းကင်းဆိပ်ရှိ ဧရာဝတီမြစ်ကမ်းစပ်၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်၍ ဧရာဝတီ မြစ်အတွင်း ကြီးထွားမှုနှုန်း မြန်ဆန်သည့် ငါးသားပေါက် များဖြစ်သည့် ငါးခုံးမကြီး အကောင်ရေ (၂)သိန်း၊ ငါးမြစ်ချင်း အကောင်ရေ(၁)သိန်းခွဲ၊ ရွှေဝါငါးကြင်း အကောင်ရေ(၅)သောင်း စုစုပေါင်း ငါးမျိုးအကောင်ရေ(၄)သိန်းကို စိုက်ထည့်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် တိုင်းဒေသကြီးအတွင်း ဖမ်းဆီး စားသုံး ခြင်းမှ ကုန်ဆုံးသွားသော ငါးများအား ပြန်လည်အစားထိုးရန် ရည်ရွယ်၍ စိုက်ထည့်ခြင်းဖြစ်ကြောင်း၊ ငါးသယံဇာတတိုးပွားရေးအတွက် ငါးလုပ်ငန်းလုပ်ကိုင်သူများအား အသိပညာပေး ဟောပြောခြင်း၊ ငါးမျိုးရေရှည်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေရန် တောင်တွင်းကြီး မြို့နယ်နှင့် ပွင့်ဖြူမြို့နယ်တို့တွင် ငါးသားပေါက်စခန်းဖွင့်လှစ်ပြီး ဆောင်ရွက်ပေးခြင်း၊ ငါးရိက္ခာ ဖူလုံစေရန်၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ဆည်၊ ကန်များနှင့် မြစ်၊ ချောင်းများ အတွင်း နှစ်စဉ်ငါးမျိုးများ စိုက်ထည့်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် မကွေးတိုင်း ဒေသကြီးအတွင်း ငါးမျိုးစိုက်ကောင်ရေ စုစုပေါင်း(၁၀)သိန်း စိုက်ထည့်ရန် လျာထားဆောင်ရွက် လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။