မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ဦးကြင်ဥ စာကြည့်တိုက် အဆောက်အအုံအသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ဦးကြင်ဥ စာကြည့်တိုက် အဆောက်အအုံအသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

မကွေး   နို၀င်ဘာ    ၁၀

          ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ဦးကြင်ဥ စာကြည့်တိုက် အဆောက်အအုံ အသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က စာကြည့်တိုက် အဆောက်အအုံအသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ ပါဝင်ကူညီခဲ့သည့် ဒိုးပတ်အဖွဲ့အား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ကာ၊ စာကြည့်တိုက် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ၊ ပရိဘောဂများ ဖြည့်တင်းထားရှိမှုနှင့် ခင်းကျင်းပြင်ဆင် ဆောင်ရွက် ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဌာနဆိုင်ရာများ၊ စာကြည့်တိုက်ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ကျောင်းသားလူငယ်များနှင့် တွေ့ဆုံစဉ် နိုင်ငံတော် အစိုးရနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းငွေဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းငွေဖြင့်လည်းကောင်း စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက် အဆောက်အအုံအသစ်များ တိုးချဲ့ ဆောက်လုပ်ပေးခြင်း၊ ရှိပြီးသား စာကြည့်တိုက်များအတွက် ပရိဘောဂ အထောက်အကူပြု ပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့် သုတ၊ ရသ စာအုပ်စာပေ လှူဒါန်းပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ယခုဖွင့်လှစ်ပေးသည့် စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချပြီး စာကြည့်တိုက် လုပ်ငန်းများ စနစ်တကျ ရှင်သန်လည်ပတ် ဆောင်ရွက်ရေး၊ ပရိဘောဂ စာအုပ်၊ စာစောင်များ ပျက်စီးပျောက်ဆုံးမှုမရှိစေရေးနှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းပြီး ပူပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် စာကြည့်တိုက်နှင့် ပတ်သက်သည့် အချက်အလက်များအား ဆင်ပေါင်ဝဲမြို့နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်က လွှဲပြောင်းပေးအပ်ရာ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးစိုးသိမ်းက လက်ခံရယူခဲ့ပြီး စာကြည့်တိုက်ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူ တစ်ဦးက ကျေးဇူး တင်စကားပြန်လည် ပြောကြားခဲ့သည်။

          အဆိုပါ ဦးကြင်ဥ စာကြည့်တိုက် အဆောက်အအုံသစ်အား မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီက ခွဲဝေပေးသည့် ငွေကျပ်သိန်း (၁၅၀)၊ ဒေသခံ ပြည်သူများက လှူဒါန်းငွေကျပ်သိန်း(၁၂၀) စုစုပေါင်း ငွေကျပ်သိန်း (၂၇၀)ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်တွင် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်အဆောက်အအုံသစ် (၂၁) တိုက်အား တည်ဆောက်ပေးသွားမည်ဖြစ်ရာ ယခုစာကြည့်တိုက်အပါအဝင် စုစုပေါင်း စာကြည့်တိုက် (၇)တိုက်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း