မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ချောက်မြို့နယ်၊ အုံမြှားကြီးကျေးရွာ မင်းရာဇာ စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ချောက်မြို့နယ်၊ အုံမြှားကြီးကျေးရွာ မင်းရာဇာ စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး နိုဝင်ဘာ ၁၂

          စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသား လူငယ်များ စာအုပ်စာပေများကို အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေ ဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွား လာစေရန် ရည်ရွယ်၍ဖွင့်လှစ်သည့် မကွေးတိုင်းဒေသကြီး၊ချောက်ခရိုင်၊ချောက်မြို့နယ် အုံမြှားကြီး ကျေးရွာရှိ မင်းရာဇာ စာကြည့်တိုက် အဆောက်အအုံအသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်၌ ကျင်းပသည်။

          ဦးစွာ စာကြည့်တိုက်အဆောက်အအုံသစ်အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပါဝင်ကူညီခဲ့သည့် ဒိုးပတ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ စာကြည့် တိုက်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စာကြည့်တိုက်အတွင်း စာအုပ်စာစောင် များ၊ ပရိဘောဂများ ဖြည့်တင်းထားရှိမှုနှင့် ခင်းကျင်းပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

          ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို အဆိုပါကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းငွေဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လှူဒါန်းငွေဖြင့်လည်းကောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး အတွင်း စာကြည့်တိုက် အဆောက်အအုံအသစ်များ တိုးချဲ့ ဆောက်လုပ်ပေးခြင်း၊ ရှိပြီးသား စာကြည့်တိုက်များအတွက် ပရိဘောဂ အထောက် အကူပြု ပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့် သုတ၊ရသ စာအုပ်စာပေ လှူဒါန်းပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခုဖွင့်လှစ်ပေးသည့် စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချပြီး စာကြည့်တိုက် လုပ်ငန်းများ စနစ်တကျ ရှင်သန်လည်ပတ် ဆောင်ရွက်ရေး၊ ပရိဘောဂ စာအုပ်၊ စာစောင်များ ပျက်စီး ပျောက်ဆုံးမှု မရှိစေရေးနှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းပြီး ပူပေါင်း ဆောင်ရွက်ကြစေလို ကြောင်း စသည်ဖြင့် ပြောကြားသည်။

          ယင်းနောက် စာကြည့်တိုက်နှင့် ပတ်သက်သည့် အချက်အလက်များအား ချောက်မြို့နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က လွှဲပြောင်းပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေဝင်းက လည်းကောင်း၊ စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များကို မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခမ်းခေါင်က ပေးအပ်ရာ စာကြည့်တိုက်ကော်မတီဝင်တစ်ဦးက လည်းကောင်း အသီးသီး လက်ခံရယူခဲ့ပြီး စာကြည့်တိုက်ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေဝင်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          အဆိုပါ မင်းရာဇာ စာကြည့်တိုက် အဆောက်အအုံသစ်အား မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီက ခွဲဝေပေးသည့် ငွေကျပ်သိန်း (၁၅၀)ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်တွင် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်အဆောက်အအုံသစ် (၂၁)တိုက်အား တည်ဆောက်ပေးသွားမည်ဖြစ်ရာ ယခုစာကြည့်တိုက်အပါအဝင် စုစုပေါင်း စာကြည့် တိုက် (၈)တိုက်ကို ဖွင့်လှစ် ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း