မကွေး နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါကာ နို၀င်ဘာလ ၁၂ ရက်က မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်၊ စွယ်တော်မြတ်စေတီ (အပူရှောင်စခန်း) တည်ထားဆောင်ရွက်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ယာယီမဏ္ဍပ်ဆောင်၌ ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်က စုပေါင်းသန့်ရှင်းရေးလုပ်ငန်း၊ မြေပြင်၊ မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရေနံတွင်းဟောင်းများနှင့်ပတ်သက်၍ မြန်မာ့ရေနံလုပ်ငန်းမှ တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြခဲ့ကြပြီး၊ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စေတီတော် တည်ထားနိုင်မည့်မြေနေရာမှာ ပေ(၂၃၀)ပတ်လည်ရှိအောင် ဆက်လက်ပြုပြင်ရန်၊ မူလမြေ (ပကတိမြေ)အကျယ်အဝန်းရရှိနိုင်ရန်အတွက် ယခုကုန်းပြင်မြေအား ထပ်မံပြုပြင်ရန်နှင့် ရေနံတွင်း ဟောင်းရှိသည့် နေရာများအား အင်ဂျင်နီယာနည်းပညာများဖြင့် ဆက်လက်ဆောင်ရွက်ရန်နှင့် အခြား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။