မကွေး နိုဝင်ဘာ ၁၈
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအားကစားကွင်း၌ နေပြည်တော်တွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်၌ မကွေးတိုင်းဒေသကြီးမှ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အားကစားသမားများ စခန်းသွင်းလေ့ကျင့် ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး မိုးလုံ လေလုံ အားကစားခန်းမ၌ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဖူဆယ်အားကစားသမားများ၊ လက်ဝှေ့အားကစားသမားများ၊ ခရစ်ကတ် အားကစားကသမားများ၊ ဘတ်စကက်ဘောအားကစားများနှင့် မြန်မာ့ခြင်းလုံးအားကစားသမားများ လေ့ကျင့်ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အားကစားမောင်မယ်များအနေနဲ့ မိမိတိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်တဲ့ အားကစား သမားများဖြစ်အောင် ကြိုးစားလေ့ကျင့် ပြိုင်ပွဲဝင်ကြဖို့၊ တိုင်းဒေသကြီးလက်ရွေးစင် အဆင့်မှ နိုင်ငံ့လက်ရွေးစင်အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးစားကြရန်နှင့် အားပေးစကားများ ပြောကြားပြီး၊ အားကစားသမားများအား အားကစားလေ့ကျင့်ရေးသုံးပစ္စည်းများ၊ ဆေးဝါးနှင့် အာဟာရ စားသောက် ဖွယ်ရာများကို ထောက်ပံ့ပေးခဲ့သည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလ (၉)ရက်နေ့မှ (၂၀)ရက်နေ့ အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပသွားမှာဖြစ်ပြီး ပဉ္စမအကြိမ် မြောက် အမျိုးသားအားကစားပွဲတော်တွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြု အနေဖြင့် ဘောလုံး၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ ဖူဆယ်စသည့် အားကစားနည်းများအပါအဝင် အားကစား နည်း(၂၃)မျိုးမှာ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမား(၄၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး၊ အားကစားသမားများအား အားကစားနည်းများအလိုက် စခန်းသွင်း လေ့ကျင့်ဆောင်ရွက် လျက်ရှိကာ၊ အားကစားနည်းအလိုက် ရွှေတံဆိပ်(၈)ဆု ရရှိနိုင်ဖို့ မျှော်မှန်း လေ့ကျင့်လျက်ရှိကြောင်း သိရသည်။