မကွေး နိုဝင်ဘာ ၁၈
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး မကွေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သည့် Grade 11 နှင့် Grade 12 တွင် သင်ကြား နေသော ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဘာသာရပ် သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (Training of Trainer) (TOT) အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တရားလွှတ်တော် တရားသူကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းပို့ချမည့် ဥပဒေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ယခု ဖွင့်လှစ် သောသင်တန်းသည် Grade 11 နှင့် Grade 12 တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ များကို ဥပဒေပညာ သင်ကြားပေးမည့် ဆရာ၊ ဆရာမများအား ဆရာဖြစ်သင်တန်း သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းဆင်း ဆရာ၊ ဆရာမများအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဆရာ၊ ဆရာမများကို ထပ်ဆင့် သင်တန်းပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို သင်ရိုး ညွှန်းတမ်းဖြင့် ပြန်လည် သင်ကြားပေးရမည် ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြမည့် ဆရာ၊ ဆရာမများ အနေဖြင့် မိမိကိုယ်တိုင် ဥပဒေပညာကို သိရှိနားလည်ပြီး ပြန်လည်သင်ကြားပို့ချ ပေးနိုင်သည်အထိ ကြိုးစား သင်ယူကြစေလိုကြောင်း၊ ယခုကဲ့သို့ ဥပဒေအသိပညာကို ကျောင်းသင်ခန်းစာတွင် သင်ရိုးညွှန်းတမ်း အဖြစ် ထည့်သွင်း သင်ကြားပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများသည် ဥပဒေ၏ အခြေခံ သဘောတရားများကို နားလည် သဘောပေါက်ကာ ဥပဒေပါ တားမြစ်ချက်ကို မလိုက်နာခြင်း၊ ဥပဒေ အရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စကို ပျက်ကွက်ခြင်းတို့အတွက် ပြစ်ဒဏ်သတ်မှတ်ထားကြောင်း နှင့် ပြစ်မှုကျူးလွန်ပါက အပြစ်ရှိကြောင်းကို သိရှိခြင်းဖြင့် ဥပဒေကို လေးစားလိုက်နာတတ်စေရန်၊ နိုင်ငံသား တစ်ဦး၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် မျှော်မှန်းပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြပြီး ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်း ဗီဒီယိုအား ပြသခဲ့သည်။
ယင်းနောက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (၆)ခုအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့ငွေ ကျပ်သိန်း(၂၀၀)အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်ရာ တိုင်းဒေ သကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်က လက်ခံရယူခဲ့ပြီး၊ တက်ရောက်လာကြသူများနှင့် အတူ အမှတ် တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါသင်တန်းတွင် အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း(၁၆၅)ဦးအား တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ လက်ထောက်တိုင်းဒေသကြီး ဥပဒေ အရာရှိ(၇)ဦးက သင်ခန်းစာဘာသာရပ် (၇)ခုကို နိုဝင်ဘာလ(၁၈) ရက်နေ့မှ(၂၉) ရက်နေ့ အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာ အထက်တန်း ကျောင်း(၉၁၃)ကျောင်းရှိပြီး (၁)ကျောင်းလျှင် ဆရာ(၁) ယောက်နှုန်းဖြင့် (၉၁၃)ဦးအား စုစုပေါင်း သင်တန်း (၆) ကြိမ် ဖွင့်လှစ်၍ သင်ကြားပို့ချပေးသွားမည်ကာ ယခုသင်တန်းသည် ဒုတိယအကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်ဖြစ်ကြောင်း သိရသည်။