မကွေး နိုဝင်ဘာ ၂၁
၂ဝ၂၄ ခုနှစ်၊(၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (ကမ္ဘာ့ကလေးများနေ့)အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီက မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး တပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီး အတွင်း ကလေးသူငယ်အရေးကို ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကလေးသူငယ်များနဲ့ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြသည်။
ဦးစွာ မကွေးမူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက ရွှေမြန်မာတေးသီချင်းအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြား ရာတွင် ပထမဦးစွာ(ကမ္ဘာ့ကလေးများနေ့) ဖြစ်ပေါ်လာပုံကတော့(၄၄)ကြိမ်မြောက် ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေညီလာခံမှ ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူညီစာချုပ် (UNCRC) (United Nations Convention on the Rights of the Child)ကို အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်အဖြစ် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့မှာ အတည်ပြုခဲ့ကြောင်း၊ အဆိုပါ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကုလသမဂ္ဂ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အခမ်းအနားများကို ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ် ကျင်းပခဲ့ကြောင်း၊ ယခုနှစ်(၃၅)နှစ်မြောက် ကမ္ဘာ့ကလေးများနေ့ ဆောင်ပုဒ်ကတော့ “ အနာဂတ်သာယာကောင်းမွန်ရေး ကလေးများအသံ နားထောင်ပေး ” “ Listen to the Future ” ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဟာ အနာဂတ်ပန်းကလေး များဖြစ်တဲ့ ကလေးသူငယ်များအတွက် ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ပြည်တွင်းဥပဒေ အဖြစ် ကလေးသူငယ်ဥပဒေ (၁၉၉၃)နဲ့ နည်းဥပဒေ (၂၀၀၁)ကို ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ ယခုအခါ ကလေးသူငယ်ဥပဒေကို ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ နိုင်ငံတော်ဟာ ကလေးသူငယ်များအကျိုးကို ဖော်ဆောင်ရန်အတွက် အမျိုးသားအဆင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကော်မတီများကိုလည်း အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက် ခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးမှာလည်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ တိုင်းဒေသကြီး ကော်မတီနဲ့ ခရိုင်၊ မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများကို လည်း ဆက်လက်ဖွဲ့စည်း ဆောင်ရွက် ခဲ့ပါကြောင်း၊ ဒါ့ကြောင့် ကလေးသူငယ်တိုင်း အခွင့်အရေးများ အားလုံး တန်းတူရရှိစေရေး၊ ခွဲခြား ဆက်ဆံမှုမရှိစေရေး၊ လိမ္မာယဉ်ကျေးတဲ့ လူချွန်လူကောင်းများ ဖြစ်လာစေရေးနဲ့ လမ်းမှားသို့ မရောက်ရှိ စေရေးတို့အတွက် မိဘ/အုပ်ထိန်းသူ ဆရာ/ ဆရာမများ၊ ပြည်သူလူထု၊ နိုင်ငံတော် အစိုးရတို့မှ အဆင့်ဆင့်ထိန်းကျောင်း ပေးရန် အထူးလိုအပ်လှပါကြောင်း၊ ဆက်လက်ပြီး တိုင်းဒေ သကြီး၊ ခရိုင်၊ မြို့နယ် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီ ဝင်များလည်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို မိဘအုပ်ထိန်းသူများ အပါအဝင် ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်း၊ ကြိုတင် ကာကွယ်ခြင်း၊ ကလေးသူငယ်ကိစ္စရပ်များ ဖြစ်ပွားလာပါကလည်း ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ဒီကနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အနေနဲ့ လည်း မြန်မာနိုင်ငံရဲ့ အနာဂတ်ပန်းကလေးများဖြစ်ကြတဲ့ ကလေးသူငယ်များဘဝ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနဲ့ အခွင့်အရေး များအားလုံး တန်းတူရရှိစေရေး၊ ခွဲခြားဆက်ဆံမှု မရှိစေရေး တို့အတွက် ဖော်ဆောင်ကြရာမှာ အစိုးရတစ်ခုတည်းသာမက လူမှုရေးအဖွဲ့ အစည်းများ၊ ပြည်တွင်း ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မိဘပြည်သူအားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ဆန္ဒပြုတိုက်တွန်း ပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍(၃၅)နှစ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (ကမ္ဘာ့ကလေးများနေ့)အထိမ်းအမှတ် မှတ်တမ်းတင်ဗွီဒီယို ပြသခဲ့ပြီး၊ မကွေးကလေး ပြုစုရေးဌာန၊ မကွေးမူလတန်းကြိုကျောင်းနှင့် ကိုယ်ပိုင်မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ် လေးများမှ သွေးချင်းတို့ရဲ့မြေ၊ ဖားလောင်းကလေးများစသည့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင် ဆက်ကာ၊ ဖျော်ဖြေရေးအဖွဲ့ ကရင်သွေးငယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရသည်။